တိုက်ပွဲတွေကြားက ပိုကောင်းတဲ့သင်ကြားရေးစနစ်နဲ့ ချီတက်နေဆဲ ကရင်နီပြည်ပညာရေး

တိုက်ပွဲတွေကြားက ပိုကောင်းတဲ့သင်ကြားရေးစနစ်နဲ့ ချီတက်နေဆဲ ကရင်နီပြည်ပညာရေး

၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ အာဏာမသိမ်းခင်ထက် ပိုကောင်းတဲ့ သင်ကြားရေးပုံစံတွေနဲ့ ရှေ့ဆက်နေတယ် လို့ ကရင်နီပညာရေး အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အာဏာမသိမ်းခင် ပညာရေးစနစ်ဟာ တနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ ပုံစံနဲ့သွားတာဖြစ်ပြီး လက်ရှိမှာ ကိုယ့်ပြည်နယ်နဲ့ သင့်တော်တဲ့ပညာရေးကို အကောင်အထည်ဖော်နေတဲ့အတွက် ကိုယ့်ပြည်နယ်အကြောင်း ပိုသိစေမယ့် သင်ခန်းစာတွေ ထည့်လာနိုင်တယ်လို့ နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ တာဝန်ခံကျောင်းအုပ်ခင်စန္ဒာညွှန့်က ပြောပါတယ်။

“ကရင်နီသမိုင်းဆိုတဲ့ သင်ခန်းစာမျိုးတွေထည့်တယ်။ လက်တွေ့ မှာကွင်းဆင်းလေ့လာတဲ့ လေ့ကျင့်ခန်းတွေ များများလုပ်ခိုင်းတယ်။ စာအုပ်စာပေကနေပြီးတော့မှ self-study (ကိုယ့်ဘာသာကိုယ်သင်ယူတဲ့ပုံစံ)  များများလုပ်နိုင်တဲ့ အလေ့အထဖြစ်အောင် ကျမတို့လေ့ကျင့်ပေးတယ်။ စာက စာသင်ခန်းထဲမှာပဲ သင်ပြီးဖြေပြီး သွားတာမျိုးမဟုတ်ဘဲနဲ့ စာသင်ခန်းထဲမှာသင်တဲ့ဟာက မြေပြင်ကအကြောင်းအရာတွေကို လက်တွေ့ လေ့လာချိတ်ဆက်နားလည်သဘောပေါက်စေတဲ့ ပုံစံမျိုး”လို့ နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ တာဝန်ခံကျောင်းအုပ်ခင်စန္ဒာညွှန့်က ပြောပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာဟာ  စစ်ရှောင်လူငယ်တွေအတွက် ဒီးမော့ဆိုမြို့နယ်အတွင်း  ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လတာပညာရေးအစီအစဉ်ကနေ လက်ရှိမှာ သုံးလတာ သက်မွေးသင်တန်းနဲ့ တနှစ်ဒီပလိုမာတန်း ဆိုပြီးပရိုဂရမ်နှစ်ခုကို အဆင့်မြှင့်တင်တိုးချဲ့ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

ကရင်နီမိခင်ဘာသာစကားတွေကိုလည်း သင်ကြားပေးပြီး သက်မွေးဘာသာရပ် သုံးခုဖြစ်တဲ့ ဆိုင်ကယ်(စက်ပြင်)၊ စက်ချုပ် နဲ့ ရိုးရာရက်ကန်း စတဲ့ဘာသာရပ်ကို‌တော့ ကျောင်းသူ၊ ကျောင်းသားတွေ စိတ်ဝင်စားတာ ရွေးချယ်သင်ယူနိုင်ပြီး စစ်ရှောင်ဒေသက လူငယ်တွေအများဆုံးတက်ရောက်ကြပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာမှာ သင်ကြားပေးတဲ့ နည်းစနစ်ကတော့ အသိပညာဗဟုသုတ အတွေးအခေါ်ပိုင်း ၊ စိတ်နှလုံးပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးပိုင်း နဲ့ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုပိုင်းတွေကို ဖြည့်ဆည်းပေးတာဖြစ်တယ်လို့ စင်တာတာဝန်ခံကျောင်းအုပ်  ကပြောပြပါတယ်။

အလားတူ တိုက်ပွဲတွေကြား ပေါ်ထွက်လာတဲ့  လူငယ်အကယ်ဒမီကောလိပ် (Youth Academy College – YAC ) ဆိုရင်လည်း ကရင်နီဘာသာစကား၊ ကရင်နီသမိုင်းကြောင်း၊ အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းတွေသင်ကြားပေးနေပြီး  နှစ် နှစ်တက်ရောက်ရတဲ့‌ကျောင်းတခုဖြစ်ပါတယ်။

“ အာဏာမသိမ်းခင်တုန်းက စာသင်ကျောင်းတွေရဲ့ စာသင်ကြားမှု က ဒါကျက်ဒါဖြေ ခေတ်စနစ်ကို ကျနော်တို့ သွားခဲ့ကြတယ်။ ဒါပေမယ့် အခုလက်ရှိတော်လှန်ရေးကာလအတွင်းမှာ ဖွင့်နေတဲ့ ကျနော်တို့ ကျောင်းရဲ့ သင်ကြားမှုပုံစံကတော့ စာတွေ့၊ လက်တွေ့ကိုသွားတယ်။ အဓိက ကျနော်တို့ ဒါကျက်၊ ဒါဖြေ စနစ်ကို သွားတာထက် ကလေးတွေက သူတို့ရဲ့ Life Skill(ဘ၀ရှင်သန်နေထိုင်မှုအတတ်ပညာ)  မှာ သူတို့ လေ့လာခဲ့တဲ့ အရာကို ဘယ်လောက်ထိပြန်ပြီး အသုံးချနိုင်သလဲ။ သူတို့ ဘယ်လောက်အထိ analyzing (ဆန်းစစ်သုံးသပ်ခြင်း)လုပ်နိုင်လဲဆိုတာကို ကျနော်တို့ အဓိက စစ်တယ်။“  လို့ YAC ကျောင်းအုပ် ခူးပရေးရယ်က ပြောပါတယ်။

YAC ကျောင်းမှာဆိုရင်စာတွေ့အပြင် လက်တွေ့ သင်ခန်းစာတွေဖြစ်တဲ့ သုတေသနလုပ်ဆောင်တာ၊ မြေပြင်ဆင်းတာ၊ Presentation(တင်ဆက်မှု) တွေလုပ်တာ ၊ ခေါင်းဆောင်မှုပိုင်းတွေ၊ စီမံခန့်ခွဲတဲ့အပိုင်းတွေ နဲ့ တခြားသော ကျောင်းတွင်းလှုပ်ရှားမှုတွေလည်း ထည့်သွင်းသင်ကြားပေးနေတာဖြစ်ပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး သုံးလသင်တန်းကျောင်းကနေ ၂၀၂၃ခုနှစ်မှာတော့ နှစ်နှစ်တက်ရောက်ရတဲ့ ကောလိပ် အဖြစ်စတင်တိုးချဲ့နိုင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် တောထဲတနေရာမှာအခြေပြုကာ အာဏာသိမ်းပြီးနောက် ပညာရေးတပိုင်းတစဖြစ်နေတဲ့ စစ်ရှောင်လူငယ်တွေ အဓိက သင်ယူနေကြပါတယ်။

ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းပိုင်းတွေကတော့ Mote Oo Education ကနေ ယူတာရှိသလို ချင်းမိုင် တက္ကသိုလ်နဲ့ ချိတ်ဆက်ထားပြီး ကိုယ်တိုင်ရေးဆွဲတာတွေလည်းရှိတယ်လို့ သိရပါတယ်။

YAC နဲ့ နွေဦးဂုရုလေးများပညာရေးစင်တာဟာ လက်ရှိကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့လည်း ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလိပ် နဲ့ ကွန်ပျူတာကို အဓိက ဘာသာရပ်အဖြစ် သင်ကြားပေးသလို Social Studies နဲ့ တခြား ဖြည့်စွက် ဘာသာရပ်တွေလည်း သင်ကြားပေးနေတဲ့ ကျောင်းတခုဖြစ်တဲ့ New Horizon Institute (NHI) ဆိုရင်လည်း တော်လှန်ရေးကာလအတွင်းမှာ အရှိန်မပျက် ကြိုးစားလည်ပတ်နေတဲ့ကျောင်းတခုလည်း ဖြစ်ပါတယ်။

NHI ကျောင်းကတော့ အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှာ ကိုယ်ထူကိုယ်ထ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။

“ စကားပြောစွမ်းရည်တွေ ကလေးတွေ အရမ်းတိုးတက်လာတာမျိုးတွေ တွေ့ရတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း ကောင်းလာတာမြင်ရတယ်။ တဖက်အနေနဲ့ တချို့ သောကလေးတွေက အမြဲတမ်း ဘယ်နေရာမှာမဆို တကယ် အဲ့လိုအစွန်းရောက်ကလေးမျိုးတွေလည်း မြင်ရတယ်။ အဲ့ဒီ ကလေးတွေကြတော့ တဖြည်းဖြည်း ပြန်ပြီး ပြုပြင်ပြောင်းလဲနိုင်လာတဲ့ ကလေးမျိုးတွေလည်း အစ်မတို့ မြင်ရတယ်ပေါ့။ ဒီအပိုင်းတွေကိုလည်း အဓိက ထည့်သွင်းသင်ကြားပေးတယ်။ “ လို့  ကျောင်းတည်ထောင်သူ ဖြစ်တဲ့ ဆရာမလီလီကပြောတယ်။

လက်ရှိ ကရင်နီပြည်တော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွက်လာတဲ့ လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း အတွက် ဖွင့်လှစ်ပေးတဲ့ အထက်တန်းလွန်ကျောင်းတွေနဲ့ အဆင့်မြင့်ကျောင်းတွေကတော့ Kay Phoe Du Learning Center၊ Set of Step Youth Learning Center (SSYLC)၊ Level Up Academy (LUA)၊ Youth Academy College ( YAC)၊ Nway Oo Guru Lay Myar Education Center၊ New Horizon Institute ( NHI)၊ Kayan Taung Tan Community College( KTTCC) နဲ့ Kanza community College (KCC) တို့ ဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာရဲ့  ဒီပလိုမာတန်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသူတဦးဖြစ်တဲ့ မော်သဲမာကတော့ စင်တာမှာ ကျောင်းသားတွေကိုဗဟိုပြုတဲ့ပုံစံနဲ့ သင်ပေးနေတယ်လို့ ပြောပါတယ်။

အရင် အစိုးရကျောင်းတွေမှာ သင်ကြားခဲ့တဲ့ ကျောင်းသားတွေရဲ့ ထင်မြင်ယူဆချက်တွေထက် စာအလွတ်ကျက်နိုင်မှ တော်တဲ့သူအဖြစ်သတ်မှတ်တာမျိုးမဟုတ်ဘဲ ကျောင်းသားတွေ ဖြစ်ချင်တာ၊ စိတ်ဝင်စားတာတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိပြီး ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

အာဏာမသိမ်းခင်မှာ ဆယ်တန်းဖြေဆိုပြီးထားသူတဦးဖြစ်ပြီး တော်လှန်ရေးကာလအတွင်းမှာ တက္ကသိုလ်မတက်နိုင်သေးဘဲ လက်ရှိဖွင့်လှစ်နေတဲ့ နွေဦးဂုရုလေးများပညာရေးစင်တာရဲ့ တနှစ်ဒီပလိုမာအတန်းမှာ တက်ရောက်နေတာဖြစ်ပါတယ်။

လက်ရှိ တက်ရောက်နေတဲ့ ဒီပလိုမာတန်းပြီးမြောက်သွားရင်တော့ နိုင်ငံတကာ တက္ကသိုလ်ကို ဆက်လက် တက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်းက ကြားကာလပညာရေးစနစ်မှာ ဆယ်တန်းပြီးမြောက်ထားသူတဦးဖြစ်တဲ့ ခူးပရေးရယ်ကတော့ နွေဦးဂုရုလေးများပညာရေးစင်တာရဲ့ ၃လတာ သက်မွေးသင်တန်းကို တက်ရောက် ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“ ကျနော် ကျောင်းပြီးခါစပဲရှိသေးတော့ ဘာလုပ်ဘာကိုင်ရမှန်းမသိသေးဘူး။ အလုပ်လျှောက်ဖို့လည်း ပညာအရည်အချင်းကလည်း မမီဘူးဖြစ်နေတယ်။ အဲ့တော့ ဒီသက်မွေးဝမ်းကျောင်းကိုရွေးပြီးတော့ တထောက်တနေရာဖြစ်ဖြစ်ပေါ့ ဒီဆိုင်ကယ်ပြုပြင်တဲ့နည်းနဲ့ တနေရာမှာအသုံးပြုလို့ရတယ်။ ဥပမာ လမ်းမှာဆိုင်ကယ်ပျက်နေတာတို့မျိုးဆို ကူညီပေးချင်တယ်။ “  လို့ ခူးပရေးရယ်က ပြောပါတယ်။

အာဏာမသိမ်းခင်က သင်ကြားခဲ့တဲ့ အစိုးရပညာရေးစနစ်တွေဟာ လုပ်ငန်းခွင်မှာပြန်လည်အသုံးချနိုင်တဲ့ အခွင့်အလမ်းနည်းတယ်လို့ ၂၀၁၉ခုနှစ်မှာ ပထဝီမေဂျာနဲ့ကျောင်းပြီးခဲ့သူ တဦးဖြစ်တဲ့ မော်ဘူးမြာ(နာမည်လွှဲ) က အခုလို ပြောဆိုပါတယ်။

“ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိက ကျက်ပြီးတော့ဖြေရတယ်။ တနှစ်ပြီးတနှစ် ဖြေသာဖြေသွား တယ်။ ဒါပေမယ့် မှတ်မိတာလည်းမရှိဘူးပေါ့။ အခုလက်ရှိ အခြေအနေနဲ့ ပြောရမယ်ဆိုရင် အလုပ်ခွင်မှာ လည်း အသုံးမဝင်ဘူး။ ဘယ်လိုမှ မအပ်စပ်ဘူး။ အခုချိန်မှာ ပထဝီမေဂျာ အကြောင်းလာမေးရင် မသိဘူးပေါ့ အဲ့လို အခြေအနေမှာရှိတယ်။ “ လို့  စာရင်းကိုင်အလုပ်လုပ်ကိုင်နေတဲ့ သူမကပြောပါတယ်။

အာဏာမသိမ်းခင်က ကျောင်းတွေရဲ့ သင်ကြားမှုစနစ်ဟာ ကလေးတွေရဲ့ စာဖတ်တတ်ခြင်း၊ စာရေးတတ်ခြင်း၊ အပြောအဆိုပိုင်း ပိုင်ပိုင်နိုင်နိုင်ပြောဆိုတတ်ခြင်းတို့ကို တွန်းအားမပေးတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ပညာရေးစနစ်ဖြစ်တယ်လို့ ဒဿနိကဗေဒ(Philosophy) နဲ့ ဘွဲ့ရသူတဦးဖြစ်သလို လက်ရှိ ကရင်နီပညာရေးမှာ တက်ကြွလှုပ်ရှားသူ လူလတ်ပိုင်း အမျိုးသားတဦး က သုံးသပ်ပြောဆိုထားပါတယ်။

“  သူငယ်တန်းကတည်းက အင်္ဂလိပ်စာ ဘာသာရပ်ပါတယ်။ ကလေးတယောက်က ဘာသာစကား ၃ခု(မြန်မာစာ၊အင်္ဂလိပ်၊ကရင်နီ)ကို သင်ယူရတဲ့အချိန်မှာ သူ့ရဲ့ လိုအပ်တဲ့ ဘာသာစကားကျွမ်းကျင်မှုက မရရှိခဲ့တော့ အတန်းကြီးလာလေလေ ဘာသာစကားတွေရဲ့ ရှုပ်ထွေးမှုက များလာတဲ့အချိန်မှာ အလွတ်ကျက်တဲ့ စနစ်ပဲ ဖြစ်သွားတယ်။ ဘွဲ့ရတယ် အင်္ဂလိပ်စကားမပြောတတ်ဘူးဆိုကတည်းက တအားကို ထင်သာမြင်သာလွန်းတာပေါ့နော။ “ ကရင်နီပညာရေးမှာ တက်ကြွလှုပ်ရှားသူ အမျိုးသားတဦး က သုံးသပ်ပြောဆိုထားပါတယ်။

စစ်မီးတွေ ပြင်းထန်နေဆဲ ကရင်နီပြည်မှာတော့ တိုက်ပွဲမဖြစ်ပွားသေးတဲ့ မြို့တွေ မရှိတော့ပါဘူး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်ကစတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်မှု အများဆုံးဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်ကစ မြို့ပျက်ကြီး သဖွယ်ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ကနေ လည်ပတ်နေတဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်တော့ပါဘူး။

မြို့ခံပြည်သူတွေဟာ တခြားအိမ်နီးချင်းပြည်နယ်တွေကို ရွေ့ပြောင်းကြတာရှိသလို ကရင်နီပြည်ထဲက စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတာတွေလည်းရှိပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်နေကြတဲ့ အခြေခံပညာကျောင်းတွေမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အောက် ပညာရေးစနစ်ကနေ သွားတာရှိသလို၊ တချို့ကျောင်းတွေဟာ ကိုယ်ထူကိုယ်ထ ရှိပြီးသား ဖတ်စာအုပ်တွေ၊ သင်ရိုးတွေနဲ့ ကလေးတွေ ပညာရေးအဆက်မပြတ်ဖို့ သင်ကြားပေးနေကြတဲ့ စစ်ရှောင်ကျောင်းတွေလည်းရှိနေပါတယ်။

လက်ရှိ ကရင်နီပြည်ရဲ့ အခြေခံပညာရေးကျောင်းတွေမှာဆိုရင်လည်း မိခင်ဘာသာစကားအခြေပြု သင်ကြားနည်းတွေနဲ့ အစပြုနေတာတွေရှိပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်တာတွေတော့ မရှိသေးပါဘူး။

လူမျိုးပေါင်းစုံတဲ့ ကရင်နီမှာ ဒီလို ပညာရေးစနစ်နဲ့ရှေ့ဆက်ဖို့ တလွှာခြင်း၊ တဆင့်ခြင်း ခြေလှမ်း စတင်နေပြီဖြစ်ပေမယ့် လွယ်ကူနေတာမျိုးမဟုတ်ဘဲ စိန်ခေါ်မှာတွေအများကြီးရှိနေတယ်လို့ YACကျောင်းအုပ် ခူးပရေးရယ်ကပြောပါတယ်။

“တခါတလေကျရင် ကျနော်တို့ကို နေရာမပေးတာတွေရှိတယ်။ ကျနော်တို့ကို မယုံကြည်တာမျိုးတွေ ရှိတယ်။ ကျနော်တို့ကတော့ အပြောထက်ကို အလုပ်ကို သက်သေပြတယ်။ ယုံကြည်မှုတွေ အများကြီး တည်ဆောက်တယ်။ ပြည်သူလူထုတွေထံကနေ ထောက်ခံအားပေးမှုတွေ ကျနော်တို့ ရယူနိုင်ဖို့အတွက် အများကြီး ပြင်ဆင်တယ်။ ကြိုးစားတယ်။ အမှန်တကယ် ကျနော်တို့ ချပြတယ်။ ဒီလိုလုပ်နေရတဲ့ ကြားကာလတွေမှာဆိုရင် အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဒီစိန်ခေါ်မှုတွေကို ကျနော်တို့ တွေကတော့ မလျော့သော ဇွဲနဲ့ ဖြတ်ကျော်ခဲ့ရတယ်လို့ ပြောလို့ရတယ်ပေါ့နော။“ လို့ YACကျောင်းအုပ် ခူးပရေးရယ်ကပြောပါတယ်။

စာသင်ကျောင်းဖွင့်လှစ်တဲ့ နေရာဆိုရင်လည်း တိုက်ပွဲဧရိယာ ကူးစက်လာတာတွေကြောင့် နေရာအသစ် ပြောင်းရွှေ့ဖွင့်လှစ်နေရတာတွေ ရှိကြပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေမှာ လူတွေ့သင်ကြားကြ တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုရန်၊ လေကြောင်းတိုက်ခိုက်မှုရန်ကနေလည်း စိုးရိမ်မှုတွေ ရှိနေကြရပြန်ပါတယ်။

အဆင့်မြင့်ပညာရေးအတွက် ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြတဲ့ ကောလိပ်ကျောင်းတွေကိုတော့ စစ်ရှောင် လူငယ် ရာဂဏန်းလောက်သာ တက်ရောက်နိုင်ကြပြီး ကရင်နီပြည်အနှံ့က စစ်ရှောင် လူငယ်တွေ အားလုံး တက်ရောက်နိုင်ကြတာ မရှိသေးပါဘူး။

ကရင်နီပြည်ရဲ့ ပညာရေးမှာ သင်ရိုးညွှန်းတမ်းအသစ်တွေနဲ့ ရှေ့ဆက်သွားရမှာဖြစ်ပြီး အမှန်တကယ် စာတတ်မြောက်မှုရှိတဲ့ ပညာရေးစနစ်( literacy skill )ဖြစ်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ စံချိန်နဲ့ သွားနိုင်ဖို့ လက်ရှိအခွင့်အရေးကို ဆုပ်ကိုင်ထားဖို့လိုတယ်လို့ ကရင်နီပညာရေးလှုပ်ရှားနေသူကပြောပါတယ်။

“ အဆိုးထဲကနေ တကယ်ကောင်းတဲ့ အခွင့်အရေးပေါ့။ ကျနော်တို့ တိုင်းရင်းသား ဒေသတွေ၊ အပြောင်းအလဲ လုပ်ချင်တဲ့သူတွေက ဒီအခွင့်အရေးကို ကောင်းကောင်းရယူရမယ်..“ လို့ ကရင်နီပညာရေးမှာ လှုပ်ရှားနေသူတဦး ပြောဆိုသွားပါတယ်။

Most read this week

May 2, 2024
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ...
April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...
ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...