မြဝတီမြို့ ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ် နိုင်ငံအဆင့်စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်နေ

မြဝတီမြို့ ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ် နိုင်ငံအဆင့်စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်နေ

ကရင်ပြည်နယ် မြဝတီမြို့ ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်ဟာ  "အောင်ဇေယျ" အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ပြန်လည်ရရှိဖို့ ကြိုးပမ်းလာတာပါ။

မြဝတီမြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ဦးဆောင်ပြီး KNDO PDF တပ်ဖွဲ့တို့က စစ်ကောင်စီတပ် လာရာလမ်းတစ် လျှောက်မှာ အဆက်မပြတ် ဖြတ်တောက်တိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် ထိခိုက်သေဆုံးခဲ့ရပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်ဟာ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေမှာသာ ရပ်တန့်နေခဲ့ရတယ်လို့ KNU က ပြောဆိုထားပါတယ်။

KNU အပေါ် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ လာရာလမ်းတစ်လျှောက်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေထိုင်ရာ နေရာဒေသတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းဗုံး ကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူလူထု ထိခိုက်သေဆုံးဒဏ်ရာရရှိတဲ့အပြင် နေအိမ်ပစ္စည်းဥစ္စာတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်းက အရပ်သားပြည်သူ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့သလို နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် ပုန်း အောင်းနေရတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် တပ်မ ၅၅ တပ်ဖွဲ့ပါဝင်ပြီး သံချပ်ကာ အတွဲလိုက်ပစ်ဒုံး လက် နက်ကြီး ဟောင်ဝစ်ဇာနဲ့ စစ်ကားတန်းတွေ အများအပြားဟာ ဧပြီ ၁၁ ရက်နေ့က ဘားအံကနေတဆင့် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကြောင်းထိုးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 "အောင်ဇေယျ" အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒု တိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာထိုင်ပြီး ကွပ်ကဲနေတယ်လို့ သိရပေမယ့် လက်ရှိမှာတော့ ဒုစစ်ခေါင်းဆောင်ဟာ လူ မြင်ကွင်းကနေ ပျောက်ကွက်နေတာ တစ်ပတ်ကျော်သွားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မ ၅၅ ပါဝင်တဲ့ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲရွာနဲ့ ကော့ကရိတ်မြောက်ဘက် မြပတိုင်ရွာတွေမှာ အခြေချတပ်စွဲထားပြီး အနီးနားက ကျေးရွာတွေထဲကို အတွဲလိုက်ပစ်ဒုံးနဲ့ လေယာဉ်ဗုံးကြဲပစ်ခတ်မှုတွေ နေ့စဉ်လိုလိုလုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

Most read this week

May 1, 2024
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု...
April 29, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက်...
April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...
April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...