ရက္ခိုင့်တပ်တော် (၁၅) နှစ်ပြည့် ပြည်သူ့စကားသံများ

ရက္ခိုင့်တပ်တော် (၁၅) နှစ်ပြည့် ပြည်သူ့စကားသံများ

အချုပ်အခြာအာဏာအထိ တာစူထားသည့် ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးသက်တမ်းမှာ ယနေ့ ဧပြီ ၁၀ ရက်တွင် (၁၅) နှစ်ပြည့်ပြီဖြစ်သည်။ တော်လှန်ရေးဖြတ်သန်းမှု (၁၅)နှစ်တာအတွင်း ရက္ခိုင့်တပ်တော်၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များဖြင့် ခရီးဆက်နေမှုအပေါ် ရခိုင်ဒေသခံများ၏ သဘောထားအမြင်များကို DMG က မေးမြန်းထားသည်။

လက်ရှိတွင် AA သည် ပလက်ဝအပါအဝင် မြို့ကြီး ၉ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့များကိုလည်း ဆက်လက်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ကိုဦးသန်းနိုင် (ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ)

ကျနော်တို့မျှော်မှန်းထားတာကို ရောက်လာပြီလို့ ပြောလို့ရတယ်။ လက်ရှိ ရက္ခိုင့်တပ်တော်ရဲ့ အောင်မြင်မှုတွေက ရခိုင်ပြည်က မြို့တစ်ဝက်ကျော်လောက်ကို သိမ်းထားနိုင်ပြီ။ ဆိုတော့ ပြည်သူတွေလိုချင်တဲ့ အနေထားတစ်ခုကို ရောက်လာပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ ရခိုင်ပြည်မှာ အရင်တုန်းကလည်း လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေရှိခဲ့တယ်။ ဒါပေမယ့် အောင်မြင်မှုမရခဲ့ဘူး။ ဒီနေ့အချိန်မှာတော့ ပြည်သူလူထုတစ်ရပ်လုံး လိုလားနေတဲ့ အနေအထားတစ်ရပ်ကို ရောက်လာပြီလို့ သုံးသပ်မိတယ်။

မွတ်ဆလင်လူငယ်တစ်ဦး

ရက္ခိုင့်တပ်တော်(AA)ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအခြေအနေကို ကြည့်မယ်ဆိုရင် တိုးတက်မှုတွေ အများကြီးရှိတယ်။ AA ရဲ့ အဓိကအောင်မြင်မှုတစ်ခုကို ပြောရမယ်ဆိုရင် ရခိုင်ပြည်ထဲမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို သင့်သင့်မြတ်မြတ်ထားနိုင်တဲ့ အရည်အချင်းက အရမ်းလေးစားစရာကောင်းတယ်။ ရက္ခိုင့်တပ်တော်က ရခိုင်လူမျိုးကို အဓိကထားပြီး ဖွဲ့စည်းထားတယ်ဆိုပေမယ့် ရခိုင်ပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို စည်းစည်းလုံးလုံးနဲ့နေကြဖို့ တိုက်တွန်းပြောဆိုတာရှိတယ်။ ဒါကြောင့် ရခိုင်ပြည်အတွက် အရမ်းကောင်းတဲ့ အနာဂတ်တစ်ခုကို ကျနော်တို့မျှော်မှန်းလို့ရတယ်။

ပြီးတော့ အခုဖြစ်နေတဲ့တိုက်ပွဲတွေမှာလည်း ရက္ခိုင့်တပ်တော်ရဲ့ အောင်မြင်မှုတွေကို ကြည့်မယ်ဆိုရင် ၁၅ နှစ်တာအတွင်း ဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတာ သိသာထင်ရှားတယ်။ ရခိုင်ပြည်လွတ်လပ်ရေးရခဲ့ရင်လည်း ကျနော်တို့ မွတ်ဆလင်တွေရဲ့ မျှော်လင့်ချက်က တစ်ခုပဲရှိတယ်။ ကျနော်တို့က ဒီပြည်မှာမွေးတယ်၊ ဒီပြည်မှာ သေမယ်၊ ရခိုင်ပြည်ကို ကျနော်တို့ ချစ်တယ်။ ဆိုတော့ ကျနော်တို့မျှော်လင့်ချက်က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်ပြီးတော့ တန်းတူအခွင့်အရေးရှိရှိနဲ့ တိုင်းပြည်အတွက် အကုန်အလုပ်လုပ်ကြပြီးတော့ အေးအေးဆေးဆေးနဲ့ နေသွားရဖို့ပဲ မျှော်လင့်တယ်။

မောင်ထွန်းတင် (ကျောက်တော်ဒေသခံ)

၁၅ နှစ်တာအတွင်းမှာ စစ်ရေးအရ အလုပ်လုပ်နိုင်တယ်လို့ မြင်ရတယ်။ အခုဆိုရင် ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို သိမ်းယူနိုင်တော့မယ့်အနေအထားကို မြင်ရတယ်။  ဆိုလိုတာက နိုင်ငံရေးသဘောတရား၊ စစ်ရေးသဘောတရားကို တော်တော်လေး ကြေညှက်တယ်၊ နားလည်တယ်။ ဒါကြောင့် AA ရဲ့ခရီးက တော်တော်လေးခရီးပေါက်နေပြီလို့ ပြောလို့ရတယ်။ နောက်တစ်ခုတွေ့ရတာက AA က လူငယ်တွေနဲ့ ဖွဲ့စည်းထားတာ။ AA ခေါင်းဆောင်တွေကလည်း အတွေးအခေါ်ကောင်းတယ်။ နိုင်ငံရေးအမြင်၊ စစ်ရေးဗျူဟာဆိုရင်လည်း တော်တော်လေးအားကောင်းတယ်။ နောက်ပြီး AA ရဲ့အားသာချက်က မဟာမိတ်အားကောင်းတယ်။ နေရာတော်တော်များများမှာ AA ကို တွေ့ရတယ်။ နောက်ပြီး အာဏာသိမ်းဖြစ်စဉ်နဲ့လိုက်ပြီးတော့ လိုက်လျောညီထွေစွာ နိုင်ငံရေးကစားတတ်တဲ့ သဘောပေါ့။

ပေါက်တောဒေသခံအမျိုးသမီး

၁၅ နှစ်တာအတွင်း ကြိုးစားအားထုတ်မှုတွေကြောင့် အခုဆိုရင် ရခိုင်မြောက်ပိုင်းကို သိမ်းထားနိုင်တဲ့အခြေအနေ ဖြစ်နေပြီပေါ့။ သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားတွေစပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်။ AA ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တော်တော်လေးကျေနပ်တယ်။ လက်ရှိမှာ ရခိုင်မှာရှိတဲ့ လူတွေအကုန်လုံးက စစ်ဘေးဒဏ်သင့်နေတယ်၊ စားနပ်ရိက္ခာအခက်အခဲရှိတယ်၊ နေထိုင်ရေးကအစ အကြောက်တရားတွေ ရှိနေကြတယ်။ ဒါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ ရက္ခိုင့်တပ်တော်အပေါ်မှာ အများကြီး အားကိုးယုံကြည်ထားပါတယ်။

ကျောက်ဖြူဒေသခံ

ရက္ခိုင့်တပ်တော်က အခုအချိန်မှာ တအားအောင်မြင်နေတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးတော့ သိသာလာတယ်။ အောင်မြင်မှုတွေ ဆက်ပြီးတော့ ဆွတ်ခူးလာနိုင်တယ်။ အပြောနဲ့လက်တွေ့ ထပ်တူကျအောင်လုပ်နိုင်တယ်။ အခုဆိုရင် ရခိုင်မြောက်ပိုင်းကို ထိန်းချုပ်နိုင်သလောက် ဖြစ်သွားလို့ ပြည်သူတွေလည်း လွတ်လွတ်လပ်လပ်သွားလာလို့ ရနေကြပြီ။ နောက်ထပ်လည်း ရခိုင်လူထုရဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်မယ်လို့ ကျနော်တို့မြင်တယ်။

Most read this week

April 29, 2024
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတို့၏ ဧပြီလ ၁၀ ရက်မှ ၂၃ ရက်ထိ...
စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
April 29, 2024
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော မွတ်ဆလင်များက...
April 29, 2024
ရခိုင်ပြည်အတွင်းက ကျန်းမာရေးမကောင်းသူများနှင့် ဆေးရုံ/ဆေးခန်းများ၌ ပုံမှန်ပြသနေရသူများမှာ...
April 27, 2024
စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်တွင် ဒေသတွင်းထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ သီးနှံ၊ သား၊...