ဒုတိယအကြိမ်ပြည်သူ့ညီလာခံ နောက်ဆုံးနေ့တွင် CRPH မတက်ရောက်ဘဲ နှုတ်ထွက်

ဒုတိယအကြိမ်ပြည်သူ့ညီလာခံ နောက်ဆုံးနေ့တွင် CRPH မတက်ရောက်ဘဲ နှုတ်ထွက်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နောက်ဆုံး နေ့အစည်းအဝေးကို ဆက်လက်တက်ရောက်နိုင်ခြင်းမရှိဟု အကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့ညီလာခံကို CRPH အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် မူလ သတ်မှတ်ရက် ၃ ရက်နှင့် ထပ်တိုး ၁ ရက်တို့တွင် အပြည့်အဝပူးပေါင်းပါ၀◌င်ခဲ့ပြီး ယနေ့ ထပ်ခေါ်ယူမည့် ပဥ္စမနေ့တွင် ဆက်လက်တက်ရောက် နိုင်ခြင်း မရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ထပ်မံ၍ ၂ ရက် တိုးချဲ့ကာ ကျင်းပခဲ့ပြီး ဧပြီလ ၇ ရက်တွင် ထပ်တိုး (၁) ရက်နှင့် ယနေ့ ဧပြီလ ၉ ရက်မှာ နောက်ဆုံးနေ့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် CRPH အစုအဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ဆက်လက်မတက်ရောက်တော့ကြောင်း ခိုနူမ်းသုန်က ဆက်သွယ်မေးမြန်းသော သတင်းရင်းမြစ်များက ပြောကြသော်လည်း အသေးစိတ်ကို မသိရသေးပါ။

ဧပြီလ ၈ ရက်က NUCC သို့ ပေးပို့သည့် ဆက်လက်တက်ရောက်နိုင်ခြင်း မရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် အချက် (၅) ချက် ပါဝင်သည်။

(က) ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း၊

(ခ) ညီလာခံတွင် ကြိုတင်ဖြန့်ဝေထားသည့် အစီအစဉ်များထက်ကျော်လွန်၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုချက်ရယူရန် လုပ်ဆောင်မှုများရှိလာခြင်း၊

(ဂ) ညီလာခံ၏အစီအစဉ်တခုတွင် သဘာပတိက မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ပြီးသော အကြောင်းအရာအား နောက်အစီအစဉ်တခုတွင် ပြန်လည်ပြင်ဆင်ဆုံးဖြတ် အတည်ပြုရန် ဆောင်ရွက်ခြင်း၊

(ဃ) ညီလာခံ မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော ထပ်မံတင်သွင်းသည့် အဆိုပြုချက်များသည် သက်ဆိုင်ရာ အစုအဖွဲ့များအတွင်း အကျေအလည် အချိန်ယူဆွေးနွေးပြီး သဘောထားရယူနိုင်ရန် လိုအပ်သည့်အပြင် ယခုထက် ပိုမိုစုံလင်သော Stakeholders များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာ ကိစ္စရပ်များဖြစ်ခြင်း၊

(င) အချို့သော ညီလာခံကိုယ်စားလှယ်များသည် ညီလာခံက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်းတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...