သင်္ကြန်ပိတ်ရက်အပြီးမှ စဖွင့်မယ်လို့ပြောတဲ့ စစ်မှုထမ်းသင်တန်းကို နေရာစုံမှာ တစ်ပြိုင်နက်စဖွင့်

သင်္ကြန်ပိတ်ရက်အပြီးမှ စဖွင့်မယ်လို့ပြောတဲ့ စစ်မှုထမ်းသင်တန်းကို နေရာစုံမှာ တစ်ပြိုင်နက်စဖွင့်

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁)တွေကို ဧပြီလ သင်္ကြန်ပိတ်ရက်ပြီးမှ စတင်မယ်လို့ စစ်ကောင်စီဘက် ပြောကြားထားပေမဲ့ ဒီနေ့ ရုတ်တရက် စဖွင့်လှစ်လိုက်ပါတယ်။

အဲဒီလို ဖွင့်လှစ်လိုက်တဲ့အကြောင်းကိုလည်း စစ်ကောင်စီရဲ့ဝါဒဖြန့် အင်တာနက်စာမျက်နှာတွေမှာ အသီးသီးဖော်ပြနေကြတာပါ။

သင်တန်းဖွင့်ပွဲတွေကိုလည်း စစ်ကောင်စီရဲ့ သက်ဆိုင်ရာ စစ်တိုင်းမှုးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ အဲဒီသင်တန်းတွေထဲက တချို့ကို မတ်လကုန်ပိုင်းမှာ ဆေးစစ်မယ်လို့ လိမ်ညာခေါ်ဆောင်ပြီးတဲ့နောက် ဖုန်းတွေသိမ်းဆည်းပြီး သင်တန်းပေးနေတာလို့ ရန်ကုန်မြို့က သင်တန်းသားတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြချက်အရတော့ သင်တန်းပေးတဲ့နေရာတွေဟာ တန်းမြင့်သင်တန်းကျောင်း (တတက)တွေ၊ စစ်အခြေခံသင်တန်းကျောင်း (စခတ)တွေနဲ့ တခြားသင်တန်းကျောင်းနေရာတချို့မှာ ဖြစ်ပါတယ်။

အဲဒီနေရာတွေကတော့ ရန်ကုန်မှာ စခတ (၁)၊ တကက (၁)၊ ပဲခူးတိုင်းက တတက (၆)၊ ဧရာဝတီတိုင်းက စခတ (၆)၊ တတက (၅)၊ မကွေးတိုင်းက စခတ (၇)၊ မွန်ပြည်နယ်က တတက (၄)၊ တနင်္သာရီက တတက (၁၂)၊ ရှမ်းပြည်နယ်တောင်ပိုင်းက ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ သင်တန်းကျောင်း -တကန(ဟိုပုံး) နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဗထူးမြို့နယ်က အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း - ရကသ (၁) တို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁) ကို ဧပြီလသင်္ကြန်ရုံးပိတ်ရက်အပြီးမှသာ ဖွင့်လှစ်မယ်လို့ ပြောဆိုခဲ့ပေမဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ အစည်းအဝေးထုတ်ပြန်ချက်တွေမှာတော့ဧပြီလအတွင်းဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့သာ ဖော်ပြခဲ့တာဖြစ်ပြီး သတ်မှတ်ရက်ကို တိတိကျမဖော်ပြခဲ့ပါဘူး။

ဒါ့အပြင် အခုအချိန်ထိလည်း စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ နည်းဥပဒေကို မထုတ်ပြန်သေးသလို အဲဒီလိုလုပ်ဆောင်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီးတော့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...
April 30, 2024
မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁...
April 22, 2024
စစ်ကောင်စီဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို...