မွန်ဒေသမှာ စစ်ဆင်ရေးစတင်ဖို့ အချိန်မတန်သေးဘူးလို့ မွန်ပြည်သစ်ပါတီပြော

မွန်ဒေသမှာ စစ်ဆင်ရေးစတင်ဖို့ အချိန်မတန်သေးဘူးလို့ မွန်ပြည်သစ်ပါတီပြော
ဓာတ်ပုံ- NMSP
ဓာတ်ပုံ- NMSP

နိုင်ငံရဲ့ တချို့ဒေသအများစုမှာ မြို့သိမ်းရွာသိမ်း နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဟာ အခြေ အနေနဲ့ ကိုက်ညီတယ်ဆိုရင်တောင် မွန်ဒေသမှာတော့  နေရာယူစစ်ရေးဆင်နွှဲဖို့ အချိန်မတန်သေးဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက စတင်ခဲ့တဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲနဲ့ ဓမ္မသကျေးရွာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဧပြီ ၅ ရက်နေ့ ရက်စွဲနဲ့ သဘော ထားထုတ်ပြန်လာတာပါ။

ပါတီရဲ့ ထုတ်ပြန်ချက်အရ KNU ၊ PDF ၊ MLA နဲ့ ခွဲထွက် မွန်ပြည်သစ်ပါတီ NMSP AD တပ်တို့ဟာ မတ် ၂၄ ရက်နေ့မှာ မွန်ကျေးရွာအများစုဖြစ်တဲ့ ဘုရားကြီး၊ ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ စတဲ့ ရွာ ၈ ရွာအတွင်း ဝင်ရောက်နေရာယူပြီး မတ် ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ကော့ဘိန်းရဲစခန်းကို ဝင်သိမ်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ကော့ဘိန်းရဲစခန်းသိမ်းပြီးပေမယ့်လည်း မွန်ကျေးရွာအများစုမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဆက်လက်နေရာယူ တပ်စွဲအခြေချပြီး စစ်ကောင်စီကို ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အမြောက်တွေနဲ့  ပြန်လည်ပစ်ခတ်မှုကြောင့်  မတ် ၂၇ ရက်နေ့မှာ ဓမ္မသရွာက နေအိမ် ၃၀၀ ကျော် မီးလောင်ပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာလို့ ဆိုပါတယ်။

ပြည်သူများစွာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ကာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲရပ်တန့်သွားဖို့ အရိပ်အယောင်မမြင်သေးဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် ရှေ့အနာဂတ်မှာ မွန်ဒေသကျေးရွာတွေရဲ့ လုံခြုံရေးကောင်းမွန်ဖို့  ကာကွယ်စောင့်ရှောက်ရေးခရီး‌ရောက်ဖို့ မွန်ပြည်သစ်ပါတီအနေနဲ့ အရပ်သားပြည်သူတွေရဲ့ အားကိုယူပြီး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းနဲ့ စစ်ရေးဖော်ဆောင်နေသူတွေအနေနဲ့ အရပ်သားပြည်သူတွေရဲ့ ပျက်စီးဆုံးရှုံးမှုကို ဂရု ပြုပြီး အမျှော်အမြင်နဲ့ တွက်ဆသင့်တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ မွန်ရွာအများစုမှာ စစ်မျက်နှာဖြန့်ခင်းနေရာယူထားတာကြောင့် မွန်ရွာတွေ စစ် မျက်နှာဖြစ်သွားပြီး မွန်လူမျိုးတွေ ပျက်စီးဆုံးရှုံးမှုများသွားတယ်လို့ မြင်မိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြောလာပါတယ်။

ထုတ်ပြန်ချက်အပေါ် ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ မွန်ပြည်သစ်ပါတီ AD၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ ဂဠုန်စစ်ကြောင်းတို့က ပြောခွင့်ရသူနဲ့ ပြန်ကြားရေးတာ ဝန်ခံတွေကို သံလွင်တိုင်းမ်က မေးမြန်းခဲ့ပေမယ့် တုန့်ပြန်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့  NMSP-AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ မွန်ပြည်သစ်ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကိုပဲ မေးဖို့ သံလွင်တိုင်းမ်ကို အကြောင်းပြန်ပါတယ်။

လက်ရှိကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို အခြေခံပြီး လက်နက် ကိုင်ပဋိပက္ခတွေဟာ တစ်နိုင်ငံလုံး ပြင်းထန်နေပြီး စစ်ရေးပြိုင်ဆိုင်မှုကလည်း အောင်ပွဲရရှိဖို့ လှုပ် ရှားကြိုးစားနေကြတာကို မိမိတို့အနေနဲ့ နားလည်နိုင်တယ်လို့ မွန်ပြည်သစ်က ဆိုပါတယ်။

ဒါပေမယ့် စစ်ရေးဆင်နွှဲသူတွေအပေါ် ကိုယ့်ရန်သူ ကိုယ်ပစ်တာဟာ တားဆီးပြောဆိုပိုင်ခွင့်မရှိပေမယ့် သူ့လူမျိုးနဲ့ သူ့ပါတီရဲ့  နယ်မြေအုပ်ချုပ်ရေးကိုတော့ အသိအမှတ်ပြုသင့်တယ်လို့ မြင်မိပြီး မွန်ကျေးရွာတွေမှာ နေရာယူစစ်ရေးဖော်ဆောင်နေတာကို အမျှော်အမြင်နဲ့ တွက်ဆသင့်တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။

Most read this week

May 8, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေ...
May 8, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ...
May 7, 2024
စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး...
May 7, 2024
မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး...