မတ်လဆန်းကနေ စတင်လိုက်တဲ့ တိုက်ပွဲကာလအတွင်း ကချင်ပြည်နယ်က လူဦးရေ ၂ သောင်းနီးပါး အိုးအိမ်စွန့်ခွာ

မတ်လဆန်းကနေ စတင်လိုက်တဲ့ တိုက်ပွဲကာလအတွင်း ကချင်ပြည်နယ်က လူဦးရေ ၂ သောင်းနီးပါး အိုးအိမ်စွန့်ခွာ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ မတ်လဆန်းက စတင်ခဲ့တဲ့  ထိုးစစ်ဆင်တိုက်ပွဲတွေနောက်ပိုင်း ကချင်ပြည်နယ်မှာ လူဦးရေ ၂ သောင်းနီးပါး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar)က ဆိုပါတယ်။

မြစ်ကြီးနား - ဗန်းမော်လမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ မတ်လ ၇ ရက်နေ့က တစ်ပြိုင်နက်တည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီနဲ့ KIA တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်အတွင်းမှာရှိတဲ့ လူဦးရေ ၁၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ UNOCHA Myanmar က ဒီကနေ့ထုတ်ပြန်လာတာပါ။

ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေဘက်က ဒေသခံတွေအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသလို လတ်တလောအချိန်ထိ မိုးမောက်မြို့ အပါအဝင် မိုးမောက်မြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံထောင်ချီလည်း  တောတောင်တွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တဲ့အချိန် စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေနဲ့ လေယာဉ်ဗုံးတွေကြောင့်လည်း မိုးမောက်မြို့နယ်၊နွမ်လန့် ကျေးရွာက နေအိမ်အများပိုင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုးစစ်တစ်လလောက်ကြာတဲ့ အချိန်မှာပဲ စစ်ကောင်စီရဲ့ အရေးကြီးအထိုင်တပ်စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ် ၆၀ ထက်မနည်းကို KIA က သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတာပါ။

ဒါ့အပြင် လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် မြို့ပေါ်က အရပ်သားနေအိမ်တွေအထိ ထိခိုက်ပျက်စီးမှုတွေရှိနေပြီး ဒေသခံတွေလည်း ထိခိုက်မှာ စိုးရိမ်နေရတာ ဖြစ်ပါတယ်။

UNOCHA Myanmar ကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကြား နိုင်ငံအတွင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လက်နက်ကိုင် ပဋိပက္ခအခြေအနေတွေ အရှိန်မြင့်တက်နေသလို တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်မှု အန္တရာယ်တွေလည်း ပိုပြီးမြင့်တက်နေတယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင်မြင့်တက်လာပြီး ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူ ၂ ဒဿမ ၅သန်းကျော်အပါအဝင် လူဦးရေ ၂ ဒဿမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဖြစ်တယ်လို့လည်း UNOCHA ကဆိုထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားကတည်းက အများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုအချိန်ထိလည်း တိမ်းရှောင်နေရဆဲဖြစ်သလို လက်ရှိစာရင်းတွေအရ တစ်ပြည်နယ်လုံးမှာ စစ်ရှောင်လူဦးရေ တစ်သိန်းကျော်ရှိနေတာ ဖြစ်ပါတယ်။

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...
April 30, 2024
မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁...
April 22, 2024
စစ်ကောင်စီဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို...