မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ

မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ

မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့်  ဧပြီ ၅ ရက်နေ့ ဒီနေ့အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။

“ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲပိတ်ထားတာ မြစ်ကြီးနားဘက်တက်လာမယ့်သူတွေလည်းတက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေဆင်းလာမယ့်ကားတွေလည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။

ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီးကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး မန္တလေးကနေမြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကိုဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။

“ကောလင်းအထိသွားလို့ရတယ်ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်းလေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်းစီနေတယ်”ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိကချင်ပြည်နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေစျေးတက်နေပြီးစက်သုံးဆီရှားပါးလာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။

မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကားလမ်းမကြာခနပိတ်ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း တစ်ပတ်ဝန်းကျင်ကားလမ်းသွားလာခွင့်ပိတ်ဆို့ထားတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာလည်း အနည်းဆုံး ၁၀ ရက်ထက်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပုံစာ.. ပြီးခဲ့တဲ့ မတ်လအတွင်း ကောလင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ပိတ်ဆို့နေတဲ့ ကားယာဉ်တန်းများ(ပုံဟောင်းအသုံးပြုထားသည်

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...
April 30, 2024
မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁...
April 22, 2024
စစ်ကောင်စီဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို...