ကျားဖြန့်လုပ်ငန်း ပတ်သက်မှု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်များ စစ်ကြောရေးရောက်

ကျားဖြန့်လုပ်ငန်း ပတ်သက်မှု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်များ စစ်ကြောရေးရောက်

အွန်လိုင်းလိမ်လည်ဂိုဏ်း-ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် စစ်ဗိုလ်ချုပ်များ စစ်ကြောခံနေရသည်ဟု စစ်ဘက် သတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၄ ရက်) တွင် အတည်ပြု ပြောသည်။

တရုတ်နိုင်ငံမှ ပေးပို့သည့် သျှမ်းမြောက်နှင့် ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသ အခြေစိုက် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ ယင်းဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပြည်ထဲရေး ဒုဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်များကို ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်က စတင်ခေါ်ယူ စစ်ကြောနေခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ပါတယ်။ အရပ်ဘက် ပြောင်းထားတဲ့ ဒုဝန်ကြီး တစ်ယောက်ပါတယ်။ နောက်အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်တွေလည်းပါတယ်" ဟု ၎င်းက အတည်ပြုသည်။

နေပြည်တော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (စရခ) က ဦးဆောင် စစ်ဆေးနေသည့် ဗိုလ်ချုပ်များ စာရင်းကိုမူ ၄င်း၏လုံခြုံရေးအရ ဆိုကာ ပြောဆိုခြင်း မပြုပေ။

NLD အစိုးရလက်ထက် လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်လင်းထွန်း သည် ယင်းကာလ ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်ဟု တရုတ်က စွပ်စွဲထားသည့် ပယ်၊ ဝေ၊ မြီ နှင့် လျို မိသားစု လေးစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသော ကိုးကန့် အုပ်ချုပ်သူများ ဖြစ်ခဲ့သည့် ပယ်ဆောက်ချိန်၊ ဝေဆန်း၊ လီကျိန်းချန် (ခ) လျိုအားပေါက် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီ ခိုလှုံခွင့် ပေးထားရာမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ ညပိုင်း၌ နေပြည်တော်လေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့လက်အပ်ခဲ့သည်။

ယင်းနောက် ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်သည့် စစ်ဗိုလ်ချုပ်များ အပါအဝင် ထွေအုပ်၊ လဝက စသည့် အုပ်ချုပ်ရေးဌာနများမှ ပါဝင်ပတ်သက်သူများ စာရင်းကို တရုတ်ဘက်က နေပြည်တော်သို့ အဆက်မပြတ် ပေးပို့နေသည်ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

“နောက်ဆက်တွဲ စစ်ဆေးခံရမယ့် စာရင်းတွေကတော့ အများကြီး ရှိအုံးမယ်။ တချို့ နောက်ခံတောင့်တဲ့ သူတွေကတော့ လွတ်နေသေးတယ်။ ဥပမာ ဗိုလ်ချုပ်ကြီးညိုစော နဲ့ ပတ်သက်တဲ့ တယောက်ဆို နေပြည်တော်ကနေ ရာထူးတိုးနဲ့ ပြောင်းဖို့ စောင့်နေတာမျိုးရှိတယ်” ဟု ၄င်းကဆက်ပြောသည်။

စစ်ဘက်သာမက အရပ်ဘက် စီးပွားရေးများကို ကိုင်တွယ်နေသည့် ဗိုလ်ချုပ်ကြီးညိုစော သည် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ဖယ်ရှား ခံရပြီးနောက် မင်းအောင်လှိုင် ၏ အယုံကြည်ရဆုံးလူ ဖြစ်လာသည်။

“စာရင်းမှာ အရင် NLD လက်ထက် ကတည်းက မူဆယ်ထွေအုပ်မှာ လက်ဇောင်းထက်ခဲ့တဲ့  တစ်ယောက်ပါတယ်။ သူက အခု နေပြည်တော်မှာပေါ့။ ဗိုလ်ချုပ်ကြီးညိုစော နဲ့ ပတ်သက်နေတော့ ရာထူးတိုးနဲ့ နေရာကောင်းကို ပြောင်းဖို့စောင့်နေတယ်” ဟု သတင်းရင်းမြစ်က ထောက်ပြသည်။

လက်ရှိ မြန်မာနိုင်ငံ အတွင်း တရုတ် ထောက်လှမ်းရေးများစွာ လှုပ်ရှားနေသည့်နည်းတူ ကျားဖြန့် ငွေလိမ်းဂိုဏ်း ခေါင်းဆောင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်ကြောင်း တရုတ် သတင်း ဘလော့ စာမျက်နှာများက အဆက်မပြတ် ဖော်ပြနေသည်ဟု တရုတ်-မြန်မာ အရေး လေ့လာသူ တစ်ဦးက ပြောဆိုထားသည်။

လက်ရှိ ကျားဖြန့် ကိစ္စနှင့် စစ်ကြောရေး ရောက်နေသည့် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဗိုလ်ချုပ်အောင်လင်းထွန်း သည် စစ်အာဏာသိမ်းပြီးတဲ့နောက်မှ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာပြီး ချမ်းသာကြွယ်ဝသူ ဖြစ်သည်ဟု သိရသည်။

Most read this week

April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...
April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...