မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင် နုတ်ထွက်

မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင် နုတ်ထွက်
ပေးပို့(CJ)
ပေးပို့(CJ)

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ရပ် ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင်နုတ်ထွက်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လမပြည့်ခင်မှာပဲ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ် မှုထမ်းစာရင်းကောက် ယူခိုင်းတာ၊ မဲနှိုက်ရွေးချယ်တာနဲ့ ဆင့်ခေါ်တာတွေ လုပ်ဆောင်ဖို့ ဆက်တိုက်ဖိအာပေးနေတာပါ။

စစ်ကောင်စီ ဖိအာပေးမှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေအဖွဲ့တွေရဲ့ သတိပေးချက်တွေကြောင့် မွန်ပြည်နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ မတ်လနောက်ဆုံးအပတ်ကစပြီး သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနတွေထံ နုတ်ထွက်စာတွေ တင်လာကြတာပါ။

သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းမှုတွေအရ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်တာတွေရှိနေပြီး ကျန်မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကလည်း အခြေအနေစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

နုတ်ထွက်စာတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ ရာအိမ်မှူးတွေအပြင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ ရပ်မိရပ်ဖတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရာအိမ်မှူးတွေ၊ ရပ်မိရပ်ဖတွေအကုန်နုတ်ထွက်နေကြတယ်လေ။ ရပ်ကွက်ရဲ့သာရေးနာရေးမှန်သမျှ သူတို့ပဲလုပ်တာ။ အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သူတို့ပဲနုတ်ထွက်နေကြတာ” လို့ ဆိုပါတယ်။

ရပ်ကွက်ပေါင်း ၁၀၀ ၊ ကျေးရွာအုပ်စု ၃၆၈ ၊ ကျေးရွာပေါင်း ၁၀၀၀ ကျော်ရှိနေတဲ့ မွန်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောင်နဲ့ချီရှိနေတာဖြစ်ပြီး အများစုဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ မွန်ပြည်နယ်အတွင်း စစ်မှုထမ်းဆောင်ရမယ့် လူငယ်လူရွယ်စာရင်းတွေကို မတ်လနောက်ဆုံးပေးပို့ကြဖို့နဲ့ အမည်စာရင်းကောက်ယူထားတဲ့သူတွေအား စစ်မှုထမ်းမှတ်ပုံတင်စာရင်းသွင်းထားကြဖို့ ညွှန်ကြားထားတာပါ။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ လူငယ်လူရွယ်တွေအား စစ်ကောင်စီထံ စစ်မှုထမ်းဖို့ပို့ဆောင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။

ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုကတော့ “မအလကကျတော့ သူ့အလုပ်ကိုသူလုပ်တယ် ။ သူ့အလုပ်ကို အကောင်အထည်ဖော်ပေးနေတဲ့ ဟာတွေကျတော့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေပေါ့နော်။ ကျွန်တော်တို့တွေ အစကလည်း အကြိမ်ကြိမ်သတိပေးခဲ့တယ်။ အဲဒီအတွက်ကြောင့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကို ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေပြီးတော့မှ တွေ့ရှိတဲ့နေရာမှာ ပစ်ခတ်ရှင်းလင်းမယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြေညာထားပြီးလည်းဖြစ်တယ်။ လုပ်လည်းလုပ်မှာပါ” လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာအရ နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အ ရေးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြို့နယ်ပေါင်း ၁၇၂ မြို့ မှာ အ‌ကောင်အထည်ဖော်နေတယ်လို့ မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တစ်ဘက်မှာတော့ စစ်မှုထမ်း အသက်အရွယ်အကျုံးဝင်သူတွေကို စာရင်းကောက်ယူတဲ့ လုပ်ငန်း စဉ်မှာ အဓိကလုပ်ဆောင်ပေးရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေ၊ ရာအိမ်မှူးတွေကို တော်လှန်ရေးအဖွဲ့တွေက ရှင်းလင်းတာတွေလည်း ရှိနေပါတယ်။

သံလွင်တိုင်းမ်ကနေ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ မတ် ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာနဲ့ နှိုးဆော်တာတွေလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ စာရေး ၂၀ ထက်မနည်း ရှင်းလင်းခံထားရပါတယ်။

Most read this week

April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...
April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...
April 25, 2024
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို...
April 25, 2024
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က...