မင်းတပ်-ကျောက်ထု၊ ဆောလမ်းပိုင်းကို ယနေ့မှစ၍ ပြန်လည်အသုံးပြုနိုင်ကြောင်း CDF – မင်းတပ် ထုတ်ပြန်

မင်းတပ်-ကျောက်ထု၊ ဆောလမ်းပိုင်းကို ယနေ့မှစ၍ ပြန်လည်အသုံးပြုနိုင်ကြောင်း CDF – မင်းတပ် ထုတ်ပြန်

ချင်းပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် မင်းတပ်- ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ် - ဆောလမ်းပိုင်းကို ယနေ့မှစ၍ ပြည်သူများအနေဖြင့် ပြန်လည်အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေ ခက်ခဲလွန်လို့ အဲဒါကြောင့် ပြန်ဖွင့်ပေးတာပါ။ မကြာခင် လိုအပ်တာနဲ့ ပြန်ပိတ်ဖို့ ရှိပါတယ်။ စောစောစီးစီး ကြိုပိတ်ထားရင် ပြည်သူတွေက အများကြီးဒုက္ခရောက်မယ်ဆိုပြီးတော့ ပြန်ဖွင့်ပေးတဲ့ သဘောပါ။ စစ်ရေးအရှိန် မြှင့် လာတာနဲ့အမျှ ပြန်ပိတ်ဖို့တော့ ရှိမယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

စစ်ကောင်စီက လူ၊ လက်နက်ရိက္ခာဖြည့်တင်းရန် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်လာသဖြင့် တန်ပြန် စစ်ဆင်ရေး ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ရန်နှင့် စစ်ရေးလေ့ကျင်မှုများ ဆောင်ရွက်ရန် မင်းတပ်- ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ် - ဆော လမ်းပိုင်းများကို မတ်လ ၂၄ ရက်မှ စတင်၍ ပိတ်ထာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့ မတ်လ ၂၇ ရက်မှစတင်၍ ယင်းလမ်းပိုင်းများကို အများပြည်သူများ ပြန်လည်၍ အသုံးပြုနိုင်ပြီး ဖြစ်ကြောင်း မတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

သို့သော် နှစ်ဖက် ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် အများပြည်သူများအနေဖြင့် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ကြရန် CDF- မင်းတပ်က သတိပေးထားသည်။

မတ်လ ၂၂ ရက်က ပခုက္ကူမြို့မှ ထွက်လာသည့် ကားအစီးရေ ၁၀၀ နီးပါးရှိသော စစ်ကောင်စီယာဉ်တန်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ယင်းစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ်နှင့် မကွေးတိုင်းယောဒေသသို့ စစ်အင်အားနှင့်ရိက္ခာများ ဖြည့်တင်းရန် ထွက်ခွာခြင်းဖြစ်ကြောင်း မကွေးနှင့် ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ကလည်း စစ်ကောင်စီ၏ ယာဉ်တန်းနှင့်ပတ်သက်၍ မင်းတပ်နှင့် ကျောက်ထု ဘက်ကိုလည်း တက်လာနိုင်သောကြောင့် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ကိုယောမာန်က ပြောသည်။

စစ်ကောင်စီယာဉ်တန်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၄) ဦးသည် ကံမ္မမြို့အရောက်တွင် လက်နက်ခဲယမ်း များနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် ဒေသကာာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် ကံမ္မမြို့တွင်သာ ရောက်ရှိနေပြီး ပေါက်မြို့နယ်ထဲကို မရောက်လာသေးကြောင်း၊ ပေါက်မြို့မှ တစ်ဆင့် ကျောက်ထုကို ရောက်ရှိပါက ချင်းတောင်ဘက်ကို ဆက်တက်နိုင်သကဲ့သို့ ယောဒေသဘက်ကိုလည်း ဆက်လက် သွားရောက်နိုင်ကြောင်း သိရသည်။

၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ချင်းတောင်နှင့် ယောဒေသဘက်ကို အင်အားဖြည့်တင်းရန်အတွက် စစ်ကောင်စီသည် ကားအစီးရေး ၇၀ ခန့်၊ အင်အား ၃၀၀ ခန့်ဖြင့် ကြိုးစားခဲ့ဖူးသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...