ULA/AA ၏ ပလက်၀မြို့နယ်အတွင်း အုပ်ချုပ်ရေးအစီအမံများ ဒေသခံချင်းတိုင်းရင်းသားများအတွက် ၀န်ထုပ်၀န်ပိုးမဖြစ်စေရေး အထူးဂရုပြုရန် တောင်းဆို

ULA/AA ၏ ပလက်၀မြို့နယ်အတွင်း အုပ်ချုပ်ရေးအစီအမံများ ဒေသခံချင်းတိုင်းရင်းသားများအတွက် ၀န်ထုပ်၀န်ပိုးမဖြစ်စေရေး အထူးဂရုပြုရန် တောင်းဆို

ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးအစီအမံများ ဖော်ဆောင်ရာတွင် ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပြောသည်။

ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပလက်၀မြို့နှင့်ပတ်သက်သော သဘောထားကြေညာချက်ကို ယနေ့မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ရည်မှန်းချက်ပန်းတိုင်တူအဖွဲ့ အစည်းတစ်ရပ်အနေဖြင့် လေးစားဂုဏ်ပြုသည်ဟု IKACC က ဆိုသည်။

သို့သော်လည်း ပလက်၀မြို့နယ်အတွင်း ULA/AA အနေဖြင့် ကျင့်သုံးဆောင် ရွက်ရန် စီမံထားရှိသော အုပ်ချုပ်ရေး အစီအမံများသည် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုပြီး အထူးဂရုပြုဆောင်ရွက်လိမ့်မည်ဟု လည်း ယုံကြည်မျှော်လင့်သည်ဟု IKACC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေး တာဝန်ရှိကြသည့် ULA/AA တာဝန် ရှိသူများနှင့် IKACC ၏ အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်ရှိသူတို့အကြား ခင်မင်ရင်းနှီးစွာ အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ ကင်းမဲ့ဇုန်အတွင်း ဒေသခံ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူလူထုများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ကိုင်နိုင်ရေး ဖန်တီးနိုင်ရန်နှင့် အချင်းချင်းကြား ရင်းနှီးမှုတည်ဆောက်ခိုင်မြဲစေရန် လိုလားသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်ကို ရက္ခိုင့်တပ်တော် AA က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှ စတင်ထိုးစစ်ဆင်ကာ စစ်စခန်းကြီးများအာလုံးကို တခုပြီးတခု သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံးကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရက္ခိုင့်တပ်တော် AA က ပလက်၀မြို့နယ်ကို စစ်ကောင်စီ ကင်းစင်သည့်နယ်မြေအဖြစ် ကြေညာကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ကာ ပလက်၀ဒေသကို ဆက်လက်အုပ်ချုပ်သွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်နေ့မှာ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...