စစ်မှုမထမ်းမနေရဥပဒေနှင့်အကျုံးဝင်သော မကွေးက ချင်းလူမျိုးများ ပူးပေါင်းလာကြရန် ACDF ဖိတ်ခေါ်

စစ်မှုမထမ်းမနေရဥပဒေနှင့်အကျုံးဝင်သော မကွေးက ချင်းလူမျိုးများ ပူးပေါင်းလာကြရန် ACDF ဖိတ်ခေါ်

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းလူများနေထိုင်သောကျေးရွာများတွင် စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်သည့် လူစာရင်း များကောက်ခံနေပြီး စာရင်းသွင်းခံရသည့်ချင်းလူငယ်များအနေဖြင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ပူးပေါင်းလာကြရန် ယင်း အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ချင်းလူမျိုးတွေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အရှိုချင်းလူမျိုးတွေ စကစရဲ့ စစ်မှုထမ်းရမှာကို သွားမယ့်အစား ကျနော်တို့ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ ကို ပူးပေါင်းလာဖို့ ကမ်းလှမ်းချင်တယ်။ ကြိုဆိုချင်တယ်။ စစ်ကေင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ထွက် လာတဲ့အချိန်မှာ ကျနော်တို့ အချင်းချင်း ပြန်ပစ်ရမယ့်အနေအထား ဖြစ်နေတော့ အဲဒီတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမလား၊ တော် လှန်ရေးအဖွဲ့အစည်းထဲကို လာမလားဆိုတာကို ကိုယ်တိုင်းဆုံးဖြတ်ကြပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ငဖဲမြို့နယ်အတွင်းရှိ ချင်းရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ချင်းရွာကြီးများကို တစ်ရွာဝင် တစ်ရွာထွက်၍ စစ်မှုထမ်းဆင့်ခေါ်ရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို စာရင်း ကောက်သွားပြီး ဖြစ်ကြောင်း သိရသည်။

ယင်း စစ်မှုထမ်းစာရင်းကောက်ခံရာတွင် ကျေးရွာထဲက အမျိုးသားများအားလုံးကို တန်းစီးခိုင်း၍ ဒူးထောက်၊ လက်မြောက်ခိုင်း ထားပြီး မော့ကြည့်မိသော ချင်းလူငယ်တစ်ဦးမှာ ရိုက်နှက်ခံရကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း ချင်းရွာ အုပ်စု (၁၀) အုပ်စု ရှိပြီး ကျေးရွာကြီး၊ ကျေးရွာငယ်ပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ ယင်းရွာထဲမှ ရွာကြီးများကို ဦးတည်ထား၍ စစ်မှုထမ်းစာရင်းကောက်ခံခြင်းဖြစ်ကာ တစ်ရွာကို ၁၀ ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး တစ်ရွာကို ၁၀ ဦး မပေးနိုင်ပါက မဲနှိုက်ရွေးချယ်၍ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ပဒါန်းမြို့၊ ဂုတ်ကြီးကျေးရွာက ချင်းအမျိုးသား ၁၀ ဦးကို ပြည်သူ့စစ်သင်တန်းတက် ရောက်ခိုင်းရန် ငဖဲမြို့၊ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) သည်အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၅) အတွက် စစ်မှုထမ်းရန် ခေါ်ယူထားပြီး လတ်တလောတွင် အရှိုချင်းလူငယ်အများအပြားဝင်ရောက် လာကြောင်း သိရသည်။

May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...