မင်းပြားတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ မွတ်ဆလင် ၂၃ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

မင်းပြားတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ မွတ်ဆလင် ၂၃ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားသည့် သာဒေကျေးရွာမှ ဒေသခံများ။ ဓာတ်ပုံ - APM
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားသည့် သာဒေကျေးရွာမှ ဒေသခံများ။ ဓာတ်ပုံ - APM

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ကျေးရွာကို ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂၃ ဦးသေဆုံးပြီး၊ ၃၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူထဲတွင် ကလေးငယ်များအပါအဝင် အသက် ၅၀ ကျော်အရွယ်များလည်းပါဝင်ပြီး ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးခန်းတွင် ဆေးကုသမှုခံယူနေကြောင်း သာဒေကျေးရွာသားတစ်ဦးက ပြောသည်။ (ထိခိုက်သေဆုံးသွားသူများ၏ အသက်နှင့်အမည်ကို DMG က မေးမြန်းနေဆဲဖြစ်သည်)

“စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ ရွာထဲကို ဗုံး ၂ လုံးကျပါတယ်။ အဲဒီမှာ ဗုံးပေါက်ကွဲပြီးတော့ သေဆုံးဒဏ်ရာရသွားကြတာ။ ကလေးတွေရော၊ လူကြီးတွေရော ပါတယ်” ဟု သူက ဆိုသည်။

သေဆုံးသွားသူများထဲတွင် သာဒေကျေးရွာ၌ လာရောက်စစ်ဘေးရှောင်နေသည့် ဆင်ကြီးပြင်(မွတ်ဆလင်) ကျေးရွာမှ ဒေသခံများလည်း ပါဝင်ပြီး နေအိမ်အချို့လည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

သာဒေကျေးရွာဒေသခံ နောက်တစ်ဦးက “ရွာသားတွေအကုန်လုံးက ကြောက်လန့်နေကြတယ်။ အခုတော့ သေသွားတဲ့သူတွေကို သဂြိုလ်ဖို့ လုပ်နေကြတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ်တစ်ခုလုံးကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီသည် မင်းပြားဒေသကို လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ဖေဖော်ဝါရီ ၂၇ ရက်က မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားကာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်။ မတ်လ ၁၂ ရက်ကလည်း မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ (၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့သည်။

“AA က သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို စစ်ကောင်စီက အခုလို လေယာဉ်ဗုံးကြဲပြီးတော့ ပစ်ခတ်နေတာဟာ ပြည်သူတွေကို ဒုက္ခရောက်အောင် တမင်တကာရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ရခိုင်က လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ယမန်နေ့၊ နံနက်ပိုင်းကလည်း စစ်ကောင်စီဂျက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် မြောက်ဦးမြို့တွင် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရခိုင်စစ်ပွဲအတွင်း AA က သိမ်းပိုက်ထားသည့် မြို့နယ် ၉ ခုအထိရှိလာပြီး အဆိုပါမြို့နယ်များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိနေသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိကြောင်း AAက ထုတ်ပြန်ထားသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...