စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရန် MSFC တောင်းဆို

စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရန် MSFC တောင်းဆို

မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာတရားရေးခုံရုံးများတွင် အရေးယူနိုင်ရေးအတွက် ဥရောပခေါင်းဆောင်များမှ ကူညီဆောင်ရွက်ပေးရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တောင်းဆိုလိုက်သည်။

စစ်ကောင်စီမှ မတရားထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတရပ်ကို ယမန်နေ့ (မတ်လ ၁၆ ရက်) က ဥရောပတိုက်ရှိ နယ်တာလန်နိုင်ငံ အမ်စတာဒမ်မြို့တစ်နေရာ၌ နယ်တာလန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများမှ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ပေးပို့သည့် သဝဏ်လွှာအရ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာတရားရေးခုံရုံးများတွင် အရေးယူနိုင်ရေး၊ စစ်လက်နက်ပစ္စည်းတင်ပို့ခြင်း၊ စစ်လေယာဥ်ဆီများ တင်ပို့နေခြင်းတို့ကို အမြန်ဆုံး ရပ်တန့်ရေးနှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး အချက် (၃) ချက်တို့ကို ဥရောပသမဂ္ဂခေါင်းဆောင်များမှ ကူညီဆောင်ရွက်ပေးရန် မွန်လူမျိုးနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများကိုယ်စား တောင်းဆိုသည်ဟု ဖော်ပြထားသည်။

မြန်မာပြည်သူလူထုများကို စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို နိုင်ငံတကာမှ တိတိကျကျ အရေးယူနိုင်ခြင်းမရှိသေးကြောင်း MSFC က ထောက်ပြသည်။

ထို့အပြင် ပြည်သူ့ထောက်ခံမှု အလွန်အားနည်းလာသည့် စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများကို စစ်ရေးနိုင်ငံရေးအရ အနိုင်ယူဖို့ ခက်ခဲလာသောကြောင့် ၎င်းတို့၏ သူပုန်နှိမ်နင်းရေး မဟာဗျူဟာ နောက်ဆုံးအဆင့်ဖြစ်သည့် လူထူအား အပြစ်ပေးသောအဆင့်သို့ သက်ရောက်သွားသည်ဟု MSFC က ဆိုသည်။

လက်ရှိအခြေအနေအရ မြန်မာပြည်သူလူထုများကို နေ့စဥ်နှင့်အမျှ လက်နက်ကြီးဖြင့် ရမ်းကားတိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်ခြင်းနှင့် မြေမြှုပ်မိုင်းများ ထောင်ထားမှုတို့ကြောင့် လူထု၏ အိုးအိမ်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ နေ့စဥ်နှင့်အမျှ ဖြစ်ပေါ်နေသည်ဟုလည်း MSFC သဝဏ်လွှာတွင် ဖော်ပြထားသည်။

နယ်တာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲသို့ MSFC ၏ အုပ်ချုပ်ရေးကော်မတီ၊ ပြင်ပဆက်ဆံရေးဌာနမှ ဒု-ဌာနမှုး နိုင်အေရာမာန်အပါအဝင် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week

May 2, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့ကာကွယ်ရေး PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဆိုပြီး...
May 1, 2024
မွန်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ဘိန်း၊ ကော့ပေါက်ရွာတို့ အပါအဝင် တရနာ၊ သံကလောင်၊ ဓမ္မသစသည့်...
April 24, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်...
April 24, 2024
မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ကာလတစ်လျှောက် ယခု ၂၀၂၄ ခုနှစ်အတွင်း...