တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ပလုံကောက် နေသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ က ပြောသည်။
သေဆုံးသူအမျိုးသမီးသည် အသက် ၃၈ နှစ်အရွယ်ရှိပြီး ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ပလုံကောက်လုပ်ငန်း လုပ်ကိုင်သူဖြစ်သည်။
စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် တောင်ယာကမ်းကျေးရွာ လမ်းဆုံနေရာတွင် ဇူလိုင်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က အဆိုပါအမျိုးသမီး နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အဲ့လမ်းဆုံက စစ်တပ်ရော တော်လှန်ရေးအဖွဲ့တွေရော နှစ်ဖက်လှုပ်ရှားမှုတွေ ရှိနေတော့ ဘယ်အဖွဲ့က မိုင်းကို ထောင်ထားမှန်းမသိဘူးဗျာ။ သူကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ ထိသွားတာ တော်တော်များတယ်၊ ပြီးမှ အလောင်းကို နာရေးကားတွေယူသွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အမျိုးသမီးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ရပြီး ရုပ်အလောင်းကို ပုလောမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ခဲ့ကြသည်။
ယခုမြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သည့် တောင်ယာကမ်းကျေးရွာလမ်းဆုံသည် စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့ များပါ စစ်ရေးလှုပ်ရှားရာဒေသ ဖြစ်သဖြင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လက်ရှိတွင် ဒေသခံများသည် အဆိုပါ လမ်းဆုံ အနီးပတ်ဝန်းကျင်၌ သွားလာရန် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည်။
ဒေသခံတစ်ဦးက “လောလောဆယ်က အဲ့ဘက်မှာ သွားလာဖို့ ကြောက်နေကြတယ် အစကတည်းက ဒီဘက်မှာ မိုင်းနင်မိတာတွေ ခဏခဏဖြစ်နေတာ ပြီးတော့ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းလဲမသိဘူး ကြာမှာ ပြည်သူ တွေကပဲ ခံနေရတာ နဂိုကတည်းက အဲ့လမ်းဆုံက စစ်ရေးလှုပ်ရှားနေတာ များတယ်” ဟု ဆက် ပြောသည်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲများအပြင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အရပ်သားပြည်သူများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိရုံသာမက အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလျက်ရှိရာ မတ်လနှင့် ဇွန်လအတွင်းကလည်း ဆင်ထိုးကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသေးသည်။







