မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

မင်းတပ်တိုက်နယ် ၃ ကို စစ်ကောင်စီဗုံးကြဲ သားအမိ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို စစ်ကောင်စီက ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရှိသည်။

ယနေ့မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ၀◌န်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်နယ်အမှတ် ၃ ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် သမီးနှင့် အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ပြန်ကြားရေးနှင့်မှတ်တမ်းဌာနကထုတ်ပြန်သည်။

“ ဒီနေ့က တိုက်ပွဲလည်း မရှိ၊ အရင်ကလို အစည်းအဝေးလည်း မရှိ၊ ဗုံးကြဲသွားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းကို ကြဲသွားတယ်။ ရပ်ထဲ ရွာထဲမှာပဲ။ ဘာကြောင့် ကြဲသွားသလဲဆိုတာကို မသိရသေးဘူး။ ကြဲသွားတဲ့ နေရာက အရပ်သားပစ်မှတ်တွေပဲ။ သေဆုံးသွားသူတွေကလည်း အရပ်သားတွေပဲပါ။ ထိခိုက်ဒဏ်ရာရသူက ၄ ဦး ရှိတယ်။ ဒဏ်ရာကြီးတာက ၂ ဦးရှိတယ်။ ပျက်စီးသွားတာတွေ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ လုံးဝကို ပျက်စီးသွားတယ်။ အိမ်ကတော့ တစစီကို ဖြစ်သွားတယ်။ ဘယ်လိုဗုံးမျိုးလည်းတော့ မသိသေးဘူး။ ဝဲလာပြီးတော့ အသွားမှာပဲ ဝင်ကြဲသွားတယ်။ ပြီးတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဝဲတယ်။ ဝဲလာပြီးမှပဲ ကြဲသွားတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုယောမာန်ကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ အသက်၂၈ နှစ်အရွယ် CDM ကျောင်းဆရာတစ်ဦးနှင့် အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လူနေအိမ်တစ်လုံး မီးလောင်ကာ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့ကလည်း မင်းတပ် တိုက်နယ် ၁ ဘက်ကို စစ်ကောင်စီကတိုက်လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးနှင့် လူကြီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀...
June 5, 2026
မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ (၁) ရက်နေ့ကစ၍ စစ်အစိုးရက အခြေခံပ ညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး...
June 4, 2026
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်ကို ဖြတ်လေးဖြတ် ပြုလုပ်ပြီး ထိုးစစ်ဆင်လာသည့်အတွက်...
June 3, 2026
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နှင့် အိန္ဒိယ - မြန်မာ -...