ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ

ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ

ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိပြီး ပျက်ကွက်သူပိုများနေကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရသည်။

ယမန်‌နေ့ မတ်လ ၁၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရာ ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ   ၁၃၂၂ ဦး ရှိသည်ဟုသိရသည်။

ထိုသို့ပျက်ကွက်သူများရခြင်းမှာ စာမေးပွဲဖြေဆိုရန် မသွားရောက်နိုင်ခြင်းကြောင့်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြင်ပဖြေကလေးတွေက ပျက်ကွက်များတာပေါ့နော်၊ ပြင်ပဖြေကလေးတွေက ဖောင်တင်ထားပြီးတော့ ဖြေဆိုမဲ့နေရာမရောက်ရှိနိုင်လို့လဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ပလက်ဝမြို့နယ်ပေါ့ အဲမှာ စာစစ်ဌာန ၃ ခု သတ်မှတ်ထားတာ ဖြေဆိုဖို့စာရင်းရှိကျောင်းသားဦးရေက ၉၉၅ ဦးရှိပါတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ ပလက်ဝမှာ စာစစ်ဌာနမဖွင့်လှစ်နိုင်လို့ စစ်တွေမြို့နယ် စာစစ်ဌာနမှာ ဖြေဆိုဖို့သတ်မှတ်ထားတာ ကလေးတွေကိုလည်းအကြောင်းကြားထားပြီးပြီပေါ့ ဒါမပမဲ့ သူတို့က အခြေအနေအရ မသွားရောက်နိုင်တဲ့အတွက် ပျက်ကွက်မှု ရာခိုင်နှုန်းက များသွားတာပေါ့။” ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။

အထက (၁) ဟားခါးစာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသူကျောင်းသား ၇၂ ဦး၊ အထက(၂) ဖလမ်းတွင် ၈၃ ဦး၊ အထက(၁) တီးတိန်တွင် ၁၁၉ ဦး၊ အထက- တွန်းဇံတွင် ၁၁ ဦး၊ အထက-ကျီခါးတွင် ၈၀ ဦး၊ အထက(၁) မင်းတပ်တွင် ၂ ဦး နှင့် အထက (၂) မတူပီတွင် ၃၄ ဦးရှိသည်ဟု ပညာရေးမှူးရုံးစာရင်းအရသိရသည်။

အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူအများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...