ပလက်ဝမြို့နယ်မှာ အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ်များ ဖော်ဆောင်သွားမည်ဟု AA ပြော

ပလက်ဝမြို့နယ်မှာ အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ်များ ဖော်ဆောင်သွားမည်ဟု AA ပြော

ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို ပလက်ဝဒေသမှာ နေထိုင်သူများက ပိုင်ဆိုင်ပြီး ပလက်ဝမြို့နယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အစီအမံများ ရေးဆွဲကာ အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ်များကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် (AA) က ပြောသည်။

ယနေ့ မတ်လ ၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) က ၎င်း၏ ပလက်ဝမြို့နယ်နှင့် ပတ်သက်၍ မူဝါဒများကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပလက်ဝဒေသကို ဘယ်သူပိုင်လဲဆိုရင် ပလက်ဝဒေသမှာ‌ နေတဲ့လူတွေ ပိုင်ပါတယ်။ ပလက်ဝကို ပလက်ဝဒေသခံတွေ ပိုင်တယ်။ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်းနဲ့ ပြောချင်တယ်။ ပလက်ဝဒေသမှာ‌ နေတဲ့ လူမျိုးစုတွေထဲက သင့်တော်တဲ့ လူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ တာဝန်ပေးထားဖို့ စီစဉ်ထားတာရှိပါတယ်။ ပလက်ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေး ချမ်းရေးအတွက် လုံခြံရေးကိုလည်း တာဝန်ယူပြီးရင် ဖွံဖြိုးတိုးတက်ဖို့နဲ့ အားလုံးကို တန်းတူရေတူ စီမံခန့်ခွဲနိုင်အောင် အားလုံးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေကို ချမှတ်နေတာဖြစ်ပါတယ်” ဟု ရက္ခိုင်တပ်တော် AA ၊ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ပလက်ဝမြို့ ရပ်မိရပ်ဖများထဲမှ သင့်လျော်သော လူမျိုးစုများမှ ဒေသခံများကိုလည်း ရက္ခိုင်တပ်တော် (AA/ ULA)၏ အုပ်ချုပ်ရေးမှာ ပူးပေါင်း လုပ်ကိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း ခိုင်သုခက ပြောသည်။

ပလက်ဝဒေသကို သူပိုင်သည်၊ ငါပိုင်သည်ဟု ပြောနေကြခြင်းထက် ပလက်ဝဒေသကို စစ်အာဏာရှင် လက်အောက်က လွတ် မြောက်ပြီး ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံသည့် အနာဂါတ်ကို တည်ဆောက်ရန်က ပို၍ အရေးကြီးကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပလက်ဝဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိဖို့အတွက် ပလက်ဒေသဟာ ULA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်ပြီး ရှိနေမှာပေါ့လေ။ ပလက်ဝဒေသဟာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြတဲ့အတွက် သူတို့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်ကောင်းတွေ ရေးဆွဲပြီးရင် အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးအစီအစဉ်တွေနဲ့ ကျနော်တို့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်” ဟု ရက္ခိုင်တပ်တော် AA၊ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို စိုးရိမ်ပူပန်နေမှုနှင့် ပတ်သက်၍ ပလက်ဝဒေသတစ်ခုထဲကိုပဲ စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ်မြောက်ရေးကို အာရုံစိုက်သင့်ကြောင်း ရက္ခိုင်တပ်တော်အနေဖြင့် အကြံပြုလိုကြောင်း သူကပြောသည်။

ချင်းပြည်တွင် စစ်ကောင်စီတပ်များ ခိုင်ခိုင်မာမာနှင့် အခြေပြု၍ တည်ရှိနေတုန်းဖြစ်ပြီး ချင်းပြည်လွတ်မြောက်အောင် စစ်ကောင်စီတပ်များကို အရင်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်ကောင်စီတပ်များကို မတိုက်ပဲနှင့် ပလက်ဝဒေသတစ်ခုထဲကိုပဲ ချင်းတော်လှန်ရေးတပ်များက ပြောနေခြင်းသည် တော်လှန်ရေးလမ်းကြောင်းထဲက မလွဲချော်သွားရန် အထူးလိုအပ်နေကြောင်း ခိုင်သုခက ပြောသည်။

ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးအတွက် ချင်းပြည်ထဲက မဟာမိတ်များကို ရက္ခိုင်တပ်တော် AA က တတ်နိုင်သလောက် ပံ့ပိုးကူညီပြီး ဆောင်ရွက်နေမှုများလည်း ရှိကြောင်း ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် AA က ပလက်ဝမြို့တွင် မြို့ခံများကို ပြန်လည်နေရာချထားရေးကိစ္စများ၊ ဈေးပြန်ဖွင့်လှစ်နိုင်ရေး၊ မြို့ သန့်ရှင်းရေး၊ အမှိုက်စနစ်နှင့် စည်ပင်သာယာရေးကိစ္စများကို ဖော်ဆောင်လုပ်ကိုင်နေကြောင်း AA ပြောခွင့်ရက ပြောသည်။

ပလက်ဝမြို့နယ်ထဲက ကျေးရွာဘက်များတွင် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ၊ စစ်ဘေးရှောင် ကူညီရေး လုပ်ငန်းများ၊ ကျန်းမာရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရက္ခိုင်တပ်တော် AA က ချင်းပြည်နယ် ပလက်၀မြို့အပြင် ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်နှင့် စခန်းပေါင်း ၂၁၅ မြို့နယ်ကို အလုံးစုံသိမ်းပိုက်ထားပြီး ကျန်မြို့နယ်အများစုများလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...