စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဟု NMSP-AD ပြော

စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဟု NMSP-AD ပြော

အခြားသော လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေးဦးတော်လှန်ရေး အစုအဖွဲ့များနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ယနေ့ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် နိုင်ငံ၏အာဏာကို အဓမ္မသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှၚ်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု NMSP-AD က ဆိုသည်။

NMSP-AD အနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပက မွန်လူထုများကို ယုံကြည်အားကိုးပြီး ယခုကဲ့သို့ လက်နက်စွဲကိုင် တိုက်ပွဲဝင်မည့်လမ်းစဥ်ကို ပြန်လည်ရွေးချယ်ရခြင်းဖြစ်တာကြောင့် မိမိတို့ ယုံကြည်ထားသည့်လမ်းစဥ်ကို မည်သည့်ဖိအားနှင့်မဆို ပြောင်းလဲသွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် NMSP-AD က ထည့်သွင်း ပြောဆိုထားသည်။

ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင်သို့ အမြန်ရောက်ရှိနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တွင် ဇွဲသတ္တိဝီရိယရှိရှိနဲ့ တက်ညီလက်ညီဖြင့် အတူတကွ ပူးပေါင်းပါဝင်ကြဖို့ မွန်ပြည်သူလူထုများကို NMSP-AD က တိုက်တွန်းလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းဖို့ ထုတ်ပြန်ခဲ့မှုကြောင့် လူငယ်များကို အနာဂတ်မဲ့စေပြီး ပြည်ပနိုင်ငံများသို့ ထွက်ခွာတိမ်းရှောင်စေသည့် အရေအတွက်လည်း ပိုမိုများပြားလာသည်ဟု ဆိုသည်။

(၂၀၁၂) ခုနှစ်၊ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ၁၁ ကြိမ်မြောက် ပါတီညီလာခံ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်သည့် မွန်ပြည်သစ်ပါတီထဲက ထိပ်ပိုင်းခေါင်းဆောင်အချို့ ခွဲထွက်ကာ မွန်ပြည် သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်း တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

လတ်တလောအခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် NMSP-AD တို့သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးနောက် ခိုင်မာသော မဟာမိတ်များအဖြစ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြသည်ဟု သိရသည်။

December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...