ဘားအံမြို့ကို တိုက်ခိုက်မည့်သတင်းကြောင့် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ထား

ဘားအံမြို့ကို တိုက်ခိုက်မည့်သတင်းကြောင့် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ ဘားအံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီမှ မြို့အနှံ့ လုံခြုံရေးတိုးမြှင့်ထားကြောင်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

ဘားအံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့်သတင်းသည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတည်းက ထွက်ပေါ်နေသည်ဟု ဆိုသည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက် စစ်ကောင်စီမှ သံချပ်ကာကားများအပါအဝင် တပ်အင်အားအများအပြားကို ဘားအံမြို့သို့ ပို့ဆောင်ထားသည့်အပြင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အများအပြားလည်း ဘားအံမြို့ထဲသို့ ဝင်ရောက်နေရာယူထားကြောင်း ဆိုသည်။

၎င်းပြင် ဘားအံမြို့အဝင်အထွက်နေရာများတွင်လည်း စစ်ကောင်စီတပ်မှ လုံခြုံရေးပိုမိုတိုးမြှင့်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဘားအံမြို့ခံတစ်ဦးက ပြောသည်။

“ဘားအံမြို့ပေါ်မှာလည်း စစ်တပ်ပတ်ပတ်လည်က လမ်းတွေကို ပိတ်ထားတယ်။ နောက်ပြီး ကတုတ်တွေ အများကြီးလုပ်ထားပြီးတော့ အသင့်အနေအထားများ နေနေကြတာတွေ တွေ့ရတယ်။ ဒီနေ့ (ဖေဖေါ်ဝါရီလ (၂၃) ရက်) မနက်ပိုင်းအထိတော့ အားလုံးက တည်တည်ငြိမ်ငြိမ်ပါဘဲ” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

ဘားအံမြို့နယ်အနီးနားရှိ ကျေးရွာများအတွင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အင်အားတိုးချဲ့ချထားခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းက မွန်ပြည်နယ်၊ သထုံမြို့ဘက်မှတဆင့် သံချပ်ကာကားများအပါအဝင် စစ်ကောင်စီယာဉ်တန်းများ ဘားအံမြို့သို့ ရောက်ရှိလာကြောင်းနှင့် ဘားအံမြို့အတွင်း စစ်ကောင်စီတပ်အင်အား တိုးချဲ့နေမှုမှာ တော်လှန်ရေးတပ်ဖွဲ့များ လာရောက်တိုက်ခိုက်ပါက ပြန်လည်ခုခံနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘားအံမြို့အနီး၊ နောင်လုံကျေးရွာရှိ DKBA တပ်ရင်းဌာနချုပ်ဟောင်းတစ်ခုကို စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ခဲ့သည့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ပြန်လည်ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည့်အတွက် စစ်ကောင်စီနှင့် တင်းမာမှုများဖြစ်နိုင်သည်ဟု သတင်းထွက်ပေါ်နေသည်။

၎င်းပြင် ကရင်နယ်ခြားစောင့်တပ် အတွင်းအရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်သည့် ဘားအံမြို့ရှိ ချစ်သူ့မြိုင်ပန်းခြံမှ အလုပ်သမားဝန်ထမ်းများကိုလည်း BGF က ပြန်ခိုင်းပြီး၊ ယင်းပန်းခြံအတွင်း BGF တပ်ဖွဲ့ဝင်များက ဝင်ရောက်နေရာယူထားကြကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလောတွင် ဘားအံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်မည့်သတင်းနှင့်အတူ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် လူအသွားအလာနည်းပါးနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

Photo-KIO FM

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...