အာဏာသိမ်းကာလထဲ ကချင်ပြည်နယ်အပါအဝင် တစ်နိုင်လုံးမှာ ရွှေဆိုင်နဲ့ဘဏ်ဓားပြတိုက်ခံရမှု အကြိမ် ၈၀ ကျော်ဖြစ်ပွား

အာဏာသိမ်းကာလထဲ ကချင်ပြည်နယ်အပါအဝင် တစ်နိုင်လုံးမှာ ရွှေဆိုင်နဲ့ဘဏ်ဓားပြတိုက်ခံရမှု အကြိမ် ၈၀ ကျော်ဖြစ်ပွား

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်အတွင်း ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက ရွှေဆိုင်နဲ့ဘဏ်တွေဆီကနေ လုယက်မှု၊ ဓားပြတိုက်မှုပေါင်း ၈၂ ခုထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်း ကောက်ယူခဲ့တဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ ၂၀၂၁ နှစ်ဆန်းကနေ ၂၀၂၄ နှစ်ဆန်း ဖေဖော်ဝါရီလအထိဖြစ်ပြီး ရွှေဆိုင်ထဲဝင်ပြီး လုယက်မှုပေါင်း ၅၇ ခုနဲ့ ဘဏ်ထဲဝင်ပြီး လုယက်ခဲ့တဲ့ဖြစ်စဉ်ပေါင်း ၂၅ ခု စုစုပေါင်း ၈၂ ခုထိ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းကာလ ၃ နှစ်ကျော် (၃၇ လ) အတွင်း ပျမ်းမျှ တစ်လကို ရွှေဆိုင်နဲ့ဘဏ်လုယက်မှု ၂ မှုကျော် ရှိနေတာဖြစ်ပါတယ်။

"ရွှေဆိုင်နဲ့ ဘဏ်တွေကို ပစ်မှတ်ထားလုယက်မှု၊ ဓားပြမှုတွေ သိသိသာသာဖြစ်ပွားလာခဲ့တာ အားလုံး အသိပဲဖြစ်ပါတယ်။ အခုလိုရွှေဆိုင်နဲ့ ဘဏ်တွေကိုပစ်မှတ်ထားတဲ့ လုယက်မှုတွေဟာ အရင်တုန်းကတော့ အဖြစ်နည်းတဲ့ မှုခင်းတွေပါ။" လို့ Data for Myanmar က ဆိုပါတယ်။

ရွှေဆိုင်လုယက်မှုတွေမှာတော့ မန္တလေးက ၁၂ မှုနဲ့ အများဆုံးဖြစ်နေပြီး ရန်ကုန်က ဒုတိယအများဆုံးအဖြစ် ၆ မှုနဲ့ ဖားကန့်ကတော့ ၃ မှုနဲ့ တတိယအများဆုံးဖြစ်နေတာပါ။

ဘဏ်လုယက်မှုတွေကတော့ ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ်ထဲမှာ အများဆုံးဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လျော့နည်းလာပြီး ရွှေဆိုင်လုယက်မှုတွေ ပိုများလာတာလို့လည်း Data for Myanmar က ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက ရွှေဆိုင်လုယက်မှုတချို့မှာတော့ ဝန်ထမ်းတစ်ယောက်နဲ့ ရွှေဆိုင်ပိုင်ရှင်တစ်ယောက် သေဆုံးခဲ့ပြီး ၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်တစ်ခုချင်းစီအလိုက် ဖမ်းမိမှုအခြေအနေကိုတော့ မသိရပေမဲ့ စစ်ကောင်စီဘက်က ဘဏ်လုယက်မှု တွေနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူတာတွေကို ပိုလုပ်ဆောင်ပြီး ရွှေဆိုင်လုယက်မှုတွေမှာတော့ ၂၀ ရာခိုင်နှုန်းကျော်ကိုပဲ ဖမ်းဆီးနိုင်တာတွေ့ရတယ်လို့  Data for Myanmar က အသိပေးထားပါတယ်။

Data for Myanmar အဖွဲ့ဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို ပြုစုနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဓါတ်ပုံ- ဖားကန့်မြို့ နယ်၊ လုံးခင်းကျေးရွာက ငွေလွှဲဆိုင်တစ်ဆိုင်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ဓားပြတိုက်နေစဉ်။

May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...