သျှမ်းတောင်တိုက်ပွဲ ၁ လအတွင်း အရပ်သား ၃၀ ကျော်သေဆုံး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရ

သျှမ်းတောင်တိုက်ပွဲ ၁ လအတွင်း အရပ်သား ၃၀ ကျော်သေဆုံး၊ ၅၀ ခန့် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ မဟာမိတ်ပူးပေါင်း တော်လှန်းတပ်ပေါင်းစုများနှင့် စစ်ကောင်စီတို့အကြား ၁ လအကြာ တိုက်ပွဲကြောင့်  အရပ်သား ၃၀  ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ခန့် ရှိကြောင်း စုံစမ်းသိရသည်။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် PNLA ၏ ယာဉ်တန်းကို စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့က ပစ်ဆို့ဟန်းတား စစ်ဆေးမှုကြောင့် (ဇန်နဝါရီလ ၂၁ ရက်)တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် ၁ လအကြာ ကလေးငယ်အပါအဝင် အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီးကလေးငယ် ၄ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ကလေးငယ်အပါအဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုသမီး ၁၃ ဦးအထိ မြင့်တက်လာနေကြောင်း  ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးမှုများတွင် စစ်ကောင်စီမှ ဦးတည်ရာမဲ့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် သတ်ဖြတ်မှုများကြောင့် အရပ်သားများ သေဆုံးရကြောင်း လူ့အခွင့်အရေးလေ့လာစောင့်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး ခွန်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်၊ လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် ဦးတည်ရာမရှိဘဲ ရုတ်တရက် ရမ်းသမ်းခတ်မှုကြောင့် ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အထူးသဖြင့် ဒေသခံသေဆုံးရမှု မြင့်နေတာ တွေ့ရပါတယ်။ နောက်တစ်ခုက သေဆုံးမှုတစ်ဝက် စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးကြရတာကို တွေ့ရပါတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၇၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ် ၆၇ လုံး ပျက်စီးသွားပြီး ဘာသာရေးအဆောက်အအုံ ၁၂ ဦး အထိပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အတူ ဆီဆိုင်မြို့နယ်တိုက်ပွဲကြောင့် မိမိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဦးရေစုစုပေါင်း ၈ သောင်းကျော်အထိ ရှိလာပြီး  ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့တွင်တိုက်ပွဲပြင်းထန်နေလျက်ရှိသောကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ပြန်ရန် မသင့်တော်သည့် အချိန်ဖြစ်သကဲ့သို့ အွန်လိုင်းပေါ်မှ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းမှားတွေကို သေချာစီစစ်ပြီး သတိပြုရန်လိုအပ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ တိုက်တွန်းထားသည်။

“ဒေသခံလူထုများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိလူများမှ နေရပ်သို့ ပြန်နိုင်ပြီဖြစ်ကြောင်း ဟူသည့် ထုတ်ပြန်ကြေညာချက်များ တစုံတရာ မရှိနေသေးသမျှကာလပတ်လုံး မိမိနေရပ်သို့ အကြောင်းအမျိုးမျိုးဖြင့် ခေတ္တပြန်ခြင်းဖြစ်စေ၊ ပြန်လည်အခြေချခြင်းဖြစ်စေ မပြုလုပ်ကြရန်နှင့် မလိုလားအပ်သော ထိခိုက်နစ်နာသေဆုံးမှုများ မဖြစ်ပေါ်စေရန်အတွက် သတင်းတုသတင်းမှားများနှင့် စပ်လျဉ်း၍လည်း အထူးသတိချပ်ရန် လိုအပ်ပါတယ်” ဟု ခွန်ဦးက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့သို့ ထိုးစစ်အတွက် သျှမ်းတောင်နှင့် သျှမ်းအရှေ့ရှိ ဝမ်ဆင်း ခလရ (၂၈၇)၊ နောင်ဝိုး ခလ၇ (၂၉၂)၊ တာဆန်း ခလရ (၂၉၉)၊ တာကော် ခလရ (၂၉၆)၊ ကျိုင်းခမ်း ခမရ (၅၁၀)၊ မိုင်းကိုင် ခလရ (၅၁၄) တပ်များစုဖွဲ့ပြင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ၌ သျှမ်းသံတော်ဆင့်ကို ပြောသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...