စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသော လူငယ်များ ပူးပေါင်းလာကြရန် CNF ထုတ်ပြန်

စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသော လူငယ်များ ပူးပေါင်းလာကြရန် CNF ထုတ်ပြန်

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များကို စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး – CNF က   ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်လာသည်။

ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ချင်းအမျိုးသားတပ်ဦး CNF ၏ ထုတ်ပြန်ချက်တွင် ထိုကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းမှု ၃ နှစ်အတွင်း အင်အားပြုန်းတီးမှု များပြားခြင်း၊ စစ်သား မစုဆောင်နိုင်ခြင်း စသည့် အကြပ်အတည်းများကြောင့် စစ်မှုမထမ်း မနေရစနစ် (၂၀၁၀) ကို ပြန်လည် အသက်သွင်းလာပြီး လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရန် အတင်းအဓမ္မ စစ်သားစုဆောင်ခြင်းဖြစ်ကြောင်း CNF က ဆိုသည်။

ထို့ကြောင့် စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါ၀◌င်လာကြရန် CNF ကတိုက်တွန်းနှိုးဆော်ထားသည်။

ထို့အပြင် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့သည် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက် မိရိုးဖလာ ကျင့်သုံးလာသော အမွေဆက်ခံ အုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းလဲန်းတစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် ကျင့်သုံးအုပ်ချုပ်နိုင်ရေး ချင်းအမျိုးသား နိုင်ငံရေး စုစည်းမှုကို ဖော်ထုတ်နိုင်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ချင်းလဲန်းကောင်စီ၊ အစိုးရ၊ လွှတ်တော်နှင့် တရားလွှတ်တော်တို့၏ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးပံ့ပိုးခြင်းဖြင့် ချင်းလဲန်းကို တည်ဆောက်သွားမည်ဟု CNF က ဆိုသည်။

ချင်းပြည်သူများအနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းလဲန်းတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

အာဏာရှင်စနစ်ကို ချေမှုန်းပြီး အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်းတည်ဆောက်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးလှူးသွားသော အာဇာနည်များ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားသော ရဲဘော်များ အားလုံးကို ဦးညွတ်ဂါရဝပြုပါကြောင်း CNF ကထုတ်ပြန်သည်။

တော်လှန်ရေးကာလ လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူလူထုကိုလည်း စာနာကြောင်း၊ လာမည့် ချင်းအမျိုးသားနေ့ကို ချင်းပြည်သူများ အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပကြရန် ဆန္ဒပြုကြောင်း ထုတ်ပြန်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...