လိပ်သိုဒေသတွင် ရဲစခန်း၊ တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်း နေ

လိပ်သိုဒေသတွင် ရဲစခန်း၊ တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်း နေ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂) တောင်ငူခရိုင် သံတောင်ကြီးမြို့နယ်၊ လိပ်သို ဒေသ မိုင်းလွန်အောက်ရွာရှိ စစ်တပ်စခန်း၊ လိပ်သိုမြို့ရှိ ခြေမြန်တပ်ရင်း-ခမရ(၆၀၃)တပ်စခန်း နှင့် မြို့မရဲစခန်းများ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တပ်အင်အားဖြည့် တင်းမှု လုပ်ဆောင်လာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းလွန်အောက်ရွာရှိ အနှစ်(၃၀)ကြာ စစ်ကောင်စီက အထိုင်ချ နေထိုင်သော တပ်စခန်းအား ဖေဖော်ဝါရီလ(၁)ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မိုင်းလွန်အောက်ရွာတပ်စခန်းပျက်စီးသဖြင့် အင်အားပူးပေါင်းလာသော လိပ်သိုမြို့အခြေစိုက် စစ်ကောင်စီ၏  ခမရ(၆၀၃)မှ တပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းရှိတပ်များအား ဖေဖော်ဝါ ရီလ(၂)ရက်နေ့ တွင် ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီးနောက် တောင်ငူဘက်မှ အင်အားအများအပြားဖြင့် ခမရ(၆၀၃)သို့ စစ်တပ်က အင်အားဖြည့်တင်းနေကြောင်း တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “မီးရှို့ခံရတဲ့ မိုင်းလွန်စခန်းက စစ်တပ်နေတာ နှစ်ပေါင်း(၃၀)ရှိပြီ အရင်ကလည်း သုံး၊ လေး ခါ လောက် သူတို့(တော်လှန်ရေးအဖွဲ့)လာပစ်သေးတယ်။ ဒီတစ်ခေါက်မှမီးရှို့နိုင်တာ။ အဲဒါပြီးတော့ မိုင်းလွန်စခန်းမှာ ထိုင်တဲ့တပ်တွေက လိပ်သို (၆၀၃)တပ်ရင်းမှာ သွားနေနေတယ်။ တောင်ငူဘက်ကနေ လိပ်သို ဘက်ကိုလည်း အင်အားသွားစုနေတယ်။ (၆၀၃)ဘက်ကို အမြှောက်ကားတစ်စီး၊ လူအပြည့်နဲ့ စစ်ကားလေးစီး တက်လာတယ်။” ဟု ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

လိပ်သိုတွင် တပ်အင်အားအများအပြားရောက်ရှိနေသည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်း တိုက်ပွဲဖြစ်ပွား စဥ်က လည်း ရဲစခန်းအနီးတဝိုက်ရှိနေအိမ်များ တိုက်ပွဲအကြားပျက်စီးမှုများသဖြင့် တိုက်ပွဲထပ်မံဖြစ် ပွားမည်ကို စိုးရိမ်စိတ်ဖြင့် လက်ရှိနေထိုင်ရကြောင်း လိပ်သိုဒေသခံများက ပြောသည်။

“ဖြစ်တဲ့နေ့က မြို့ပေါ်ကအိမ်တွေ တော်တော်လေးထိကုန်တယ်။ ရဲစခန်းပတ် ပတ်လည်မှာ ရှိတဲ့အိမ် တွေတော့ တော်တော်လေးစုတ်ပြတ်ကုန်တာ အဲဒီရက်က လက်နက်ကြီးတွေပစ်ပေမယ့် မနေ့ကနဲ့ ဒီတစ်ရက်တော့ငြိမ်သွားပြီ။ လက်နက်ကြီးထု သံမကြားသေးဘူး။ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အနေ အထားဆိုတော့ စိုးရိမ်နေရတယ်။” ဟု အမည်မဖော်လိုသူဒေသခံက ပြောသည်။

မိုင်းလွန်တိုက်ပွဲနှင့် လိပ်သိုမြို့ ရဲဘက်တပ်ဘက်စခန်းသို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သော တော်လှန် ရေးအင်အားစုများဘက်က ထုတ်ပြန်ထားသလို ပူးပေါင်းတပ်ဘက်မှ (၄)ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီး သုံးပစ်ကူပေးမှုကြောင့် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း (၂)ဦးထက်မနည်းရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...