မောင်တော နယ်စပ်လုံခြုံရေးကို AA တိုးမြှင့်

မောင်တော နယ်စပ်လုံခြုံရေးကို AA တိုးမြှင့်
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော် (AA)က ယခုနောက်ပိုင်း တိုးမြှင့်လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုမရှိစေရေး၊ လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် နယ်စပ်ဒေသတကြော လုံခြုံရေးကို ယခင်ထက်ပိုတိုးမြှင့်ထားသည်ဟု မြေပြင်အခြေအနေသိရှိသူ များက ပြောသည်။

ဒေသခံများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စအပြင် မဖြစ်မနေ လမ်းခရီးသွားလာရမည်ဆိုပါက ULA/AA ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ဂိတ်များရှိရာသို့ သတင်းပို့ပြီးမှ သွားလာကြရန်လည်း AA က အသိပေးထားသည်။

တောတောင်များနှင့် လူပြတ်သည့် နေရာများသို့ သွားလာချိန်တွင်လည်း တစ်ဦးတည်း (သို့မဟုတ်) လူအနည်းစုဖြင့် မသွားကြရန်လည်း AA က တိုက်တွန်းထားသည်။

“အရင်က ဂိတ်တစ်ဂိတ်မှာ တပ်ဖွဲ့ဝင်အင်အား ၁၀ ယောက်ရှိတယ်ဆိုရင် အခု ၂၀ ကျော်၊ ၃၀ ထိ တိုးချဲ့ထားတာကို တွေ့မြင်ရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေက ကောင်းမွန်တဲ့ အခြေအနေပါ။ အခု နောက်ပိုင်းမှာ အာရက္ခတပ်တော်နဲ့ အေးချမ်းစွာ ပူးပေါင်းဆောင်ရွက်နေတဲ့ မွတ်ဆလင် အများအပြားကို မြင်တွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြေကုတ်ယူပြီး ယင်းမှတစ်ဆင့် နယ်စပ်ကိုဖြတ်၍ ရခိုင်ပြည်သို့ စိမ့်ဝင်ကာ တိုက်ခိုက်မှုများလုပ်လျက်ရှိသည်။

အာရက္ခတပ်တော်က နယ်စပ်ဒေသတည်ငြိမ်ရေး မြေပြင်တွင် လုံခြုံရေးတိုးမြှင့်လာသည့်အပြင် ပင်လယ်ပြင် ရခိုင်ရေပိုင်နက်တကြော လုံခြုံရေးကိုလည်း အင်တိုက်အားတိုက်လုပ်လာနေသည်။

ရခိုင်နေရပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများကို အာရက္ခတပ်တော်၏ ကမ်းရိုးတန်းလုံခြုံရေးတပ်က မကြာခဏ ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လွှဲပြောင်းပေးမှုများရှိနေသည်။

မောင်တောမြို့နယ်စပ်ဒေသ လုံခြုံရေးနှင့်ပတ်သက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အိန္ဒိယသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ယခုကဲ့သို့ ပြောထားသည်။

“ကျနော်တို့ ဝေးလံတဲ့ရွာတွေ၊ အထူးသဖြင့် မြို လူမျိုးတွေ နေထိုင်တဲ့ ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက တစ်ချို့က မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေကြတယ်။ သူတို့ထဲက တချို့ဟာ ARSA နဲ့ လက်တွဲနေကြတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ကျနော်တို့ ရရှိထားပါတယ်။ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် လူအများကြီး သေဆုံးခဲ့ရတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ မောင်တောကို မလွတ်မြောက်ခင်တုန်းက စစ်တပ်နဲ့ ဒေးလ်မိုဟာမက် (Dil Mohammad)လို မူးယစ်ရာဇာတွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ အလွန်တက်ကြွ ခဲ့ကြတယ်။ အခုတော့ ဒေသခံတွေ ပိုပြီး လုံခြုံမှုရှိစေဖို့ အဲဒီဒေသကို ကျနော်တို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့်လည်း အတူတကွလက်တွဲကာ နယ်စပ်အရေးအပါအဝင် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးများနှင့်ပတ်သက်၍ ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆိုထားသည်။

သို့သော် အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရကို အသိအမှတ် မပြုဘဲနှင့် ကောင်းမွန်သော အခြေအနေတစ်ခု ဖန်တီးရန် အလွန်ခက်ခဲမည်ဖြစ်ကာ AA အနေဖြင့် မည်သည့်အခြေအနေမျိုးကို မဆို ရင်ဆိုင်ရန် အသင့်ရှိကြောင်းလည်း AA စစ်ဦးစီးချုပ်က အတိအလင်းပြောထားသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် နယ်စပ်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဉပဒေ စိုးမိုးရေးစသည့် လုပ်ငန်းများကို တစိုက်မတ်မတ်လုပ်နေသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...
June 22, 2026
ရခိုင်ပြည်တွင် မြို့၊ရွာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံး...
အပေါက်ဝကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
June 20, 2026
မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်၍ မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေပြင်းထန်စွာ စီးဆင်းခြင်း၊...
June 20, 2026
ကားကြီး၊ ကားငယ်လေးတွေက လမ်းမပေါ်မှာ အချိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားလာနေကြတယ်။ လမ်းမကြီးရဲ့...