တိုက်ပွဲပြင်းထန်သည့် ကေအဲန်ယူ ခလယ်လွီထူခရိုင်တွင် ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ပြီးစီး

တိုက်ပွဲပြင်းထန်သည့် ကေအဲန်ယူ ခလယ်လွီထူခရိုင်တွင် ခေါင်းဆောင်သစ်များ ရွေးကောက်တင်မြှောက်ပြီးစီး
photo-KNU
photo-KNU

တိုက်ပွဲပြင်းထန်မှုရှိနေဆဲဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ( ညောင် လေးပင်)ခရိုင် (တပ်မဟာ ၃ နယ်မြေ)တွင် ၂၄ ကြိမ်မြောက် ခရိုင်ကွန်ဂရက်ကျင်းပပြီး ခေါင်းဆောင် သစ်ပြန်လည်ရွေးကောက်တင်မြှောက်ပြီးစီးခဲ့ပြီဟု ဖော်ဝါရီလ ၁ ရက်တွင် ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ (၉)ရက်မှ (၂၀)ရက်နေ့အထိ (၁၂)ကြာကျင်းပသည့် ကွန်ဂရက်တွင် ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောအယ်ကလူသိန်း၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စောလေးတရော်(တပ်မဟာ ၃ တပ်မဟာမှူး)၊ ခရိုင် အတွင်းရေးမှူး ပဒိုစောလားဖိုး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းနှင့် ခရိုင်တရားသူကြီး ပဒိုစောခါးမဲတို့အပါအဝင် ခရိုင်ဦးဆောင်ကော်မတီ (၂၁)ဦးကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ကျင်းပပြီးစီးသွားသည့် ၂၄ ကြိမ်မြောက် ခလယ်လွီထူခရိုင်ကွန်ဂရက်သို့ ကေအဲန်ယူဗဟိုမှ စစ်ဘက်၊ အရပ်ဘက် ကိုယ်စားလှယ်(၈)ဦး ၊ ဒူးသထူခရိုင်(သထုံ)၊ တောအူးခရိုင်(တောင်ငူ)နှင့် မူတြော် ခရိုင်(ဖာပွန်)ကိုယ်စားလှယ် (၉)ဦးအပြင် ဆောထိ၊ ရွှေကျင်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း(၇၊ ၈၊ ၉)၊ KNDO တပ်ရင်း(၃)မှ ကိုယ်စားလှယ်များအပါအဝင် ကိုယ်စားလှယ်ပေါင်း(၈၅)ဦးတက်ရောက်ခဲ့ကြောင်း ခရိုင်ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကွန်ဂရက်ထဲတွင် ပြီးခဲ့သည် (၄)နှစ်တာကလအတွင်း ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေး၊ စစ်ရေး၊ စည်းရုံးရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင် အထည်ဖော်သည့်ရလဒ်များကို ပြန်လည်သုံးသပ်ခြင်းအပြင် ကေအဲန်ယူ-ကရင်အမျိုး သားအ စည်း အရုံး၏ လမ်းစဉ်လုပ်ငန်းစဉ်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ခရိုင်အတွင်းစစ်ရေးပဋိပက္ခကြောင့် ကေအဲန်ယူ ခလယ်လွီ ထူခရိုင်တွင် စစ်ရှောင်ဦးရေ (၂၄၈၁၆၀)ဦးအထိရှိလာပြီး ကလေးငယ်၊ ကျောင်းသူကျောင်းသား၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံပြည်သူ (၁၂၈)ဦးသေဆုံးကာ (၃၅၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်ကွန်ဂရက်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

စစ်ရေးပဋိပက္ခကြောင့် နေရေးစားရေးအတွက် ဒုက္ခကြုံတွေ့နေရသည့် အဆိုပါ ဒေသခံပြည်သူများအား ကူညီပံ့ပိုးပေးနေသော ပြည်တွင်းပြည်ပရှိ လူမှုရေးအသင်းအဖွဲ့များကို အသိအမှတ်ပြုကြောင်းလည်း ခလယ်လွီထူခရိုင်က ပြောသည်။

ယခင်ကေအဲန်ယူ ခလယ်လွီထူခရိုင်ဥက္ကဋ္ဌသည် ပဒိုစောဆဲဂေဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလက ကျင်းပသည့် ၁၇ကြိမ်မြောက် ကေအဲန်ယူဗဟိုကွန်ဂရက်တွင် ကေအဲန်ယူ ဗဟိုဒုဥက္ကဌအဖြစ် ရွေးကောက်ခံထားရသည်။ ယခုအသစ်တင်မြှောက်ခံရသည့် ခရိုင်ဥက္ကဋ္ဌ ပဒိုစောအယ်ကလူသိန်းသည် ကေအဲန်ယူတပ်မဟာ(၃)၏ တပ်မဟာမှူးဟောင်းဖြစ်သည်။

KNU ၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့်‌ခေါင်း‌ဆောင်များကို (၄)နှစ်တစ်ကြိမ် ကွန်ဂရက်ကျင်းပပြီး ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...