မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ် MOU လက်မှတ်ရေးထိုးမည်

မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ် MOU လက်မှတ်ရေးထိုးမည်

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနက ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကောလိပ်နှင့် ထိုင်းနိုင်ငံရှိ Payap တက္ကသိုလ်တို့ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးသွားမည်ဟု မွန်အမျိုးသားကောလိပ်ကျောင်းအုပ် ဒေါက်တာပညာမွန်က ပြောသည်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးသည့် အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Payap တက္ကသိုလ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကို မွန်အမျိုးသားကောလိပ်တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီတာဝန်ရှိသူများ၊ မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်မည်ဟု ဆိုသည်။

“ဒီအခွင့်အလမ်းရအောင် ကျနော်တို့ ကြိုးစားရုန်းကန်နေတာ ကြာခဲ့ပါပြီး။ မွန်အမျိုးသားကောလိပ် စဖွင့်ကတည်းက တက္ကသိုလ် ၄ ခုနဲ့ MOU လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့တယ်။ ပထမတစ်ခုက ချင်းမိုင်တက္ကသိုလ်၊ Payap ရယ်၊ ပြီးတော့ Purdue ရယ်၊ Royal Collage Of London ရယ်ဖြစ်တယ်။ ဒီတက္ကသိုလ် ၄ ခုထဲမှာ Purdue တက္ကသိုလ်နဲ့ ပထမဆုံးအနေနဲ့ MOU လက်မှတ်ရေးထိုးရမယ်လို့ ထင်ထားတယ်။ ဒါပေမဲ့ ဟိုကိုရောက်သွားတော့ အပြောင်းအလဲ နည်းနည်းဖြစ်သွားလို့ မထိုးဖြစ်လိုက်ဘူး။ Payap တက္ကသိုလ်ကတော့ လက်မှတ်ရေထိုးဖို့ သဘောတူလာတဲ့အတွက် လာမဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျနော်တို့ MOU လက်မှတ် ရေးထိုးပွဲ ပြုလုပ်သွားမယ်” ဟု ဒေါက်တာပညာမွန်က ပြောသည်။

MOU လက်မှတ်ရေးထိုးရာတွင် Payap တက္ကသိုလ်အနေနှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်တက္ကသိုလ်တွင် ပညာလေ့လာဆည်းပူနေသူများအဖြစ် သတ်မှတ်ပေးရန်၊ ကောလိပ်ကျောင်းသူ၊ ကျောင်းသူများ Payap တက္ကသိုလ်တွင် ပညာသွားရောက်သင်ကြားရာတွင် လက်ခံပေးရန်၊ မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ်ကြား Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ သင်ကြားရေးအပိုင်း၊ စီမံကွပ်ကဲအုပ်ချုပ်ရေးအပိုင်းနှင့် ပညာရေးဖွံ့ဖြိုးမှုအပိုင်းများ အရှိန်မြင့်လာအောင် ပူးပေါင်းဆောင်ရွက်သွားရန် စသည့် သဘောတူညီချက် ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

မွန်အမျိုးသား ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်တို့တွင် ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့သည့်အတွက် ယခုလို နိုင်ငံတကာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် အောင်မြင်မှု၏ ပထမခြေလှမ်းဖြစ်သည်ဟုဒေါက်တာပညာမွန်က ပြောသည်။

၎င်းက “ကျနော်တို့ကောလိပ်ကိုလည်း နိုင်ငံတကာအဆင့်မီကောလိပ်ဖြစ်အောင် တည်ဆောက်သွားမယ်။ Payap တို့၊ Purdue တက္ကသိုလ်တို့လိုမျိုးပေါ့။ အဲဒါကြောင့် သူတို့နဲ့ ပူးပေါင်းရင် မွန်အမျိုးသားကောလိပ် အဆင့်မြင့်မားဖို့ သူတို့အကူအညီပေးသွားမယ်။ ကျနော်တို့ကောလိပ်ကိုအသိအမှတ်ပြုတယ်ဆိုကတည်းက ကျနော်တို့ကောလိပ်က သူတို့တက္ကသိုလ်အဆင့်နီးပါး ရှိနေတယ်။ မွန်ပြည်သူလူထုတွေရော၊ မွန်အမျိုးသားကောလိပ်မှာ ပညာဆည်းပူးနေကြတဲ့ကျောင်းသား/သူတွေကိုရော ဘာပြောချင်တာလဲဆိုရင် ကျနော်တို့တက္ကသိုလ်ကနေတဆင့် ပညာရှင်တွေ မွေးထုတ်သွားဖို့၊ ကျနော်တို့ ကောလိပ်ကိုလည်း အမေရိကန်တက္ကသိုလ်အဆင့်ထိ မရောက်ပေမဲ့ ထိုင်းတက္ကသိုလ်တွေအဆင့်လောက်ရောက်အောင် ကြိုးစာနေပါတယ်။ အခု MOU ထိုးမယ်ဆိုတာကလည်း အောင်မြင်မှုရဲ့ ပထမခြေလှမ်းလို့ ပြောရမှာပေါ့” ဟု ဆိုသည်။

၎င်းပြင် အမေရိကန်နိုင်ငံရှိ Fort Wayne မြို့ရှိ တက္ကသိုလ်ကိုလည်း မွန်အမျိုးသားပညာရေးဌာန၊ မွန်အမျိုးသားကောလိပ်တာဝန်ရှိသူတို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊စက်တင်ဘာလခန့်က သွားရောက်လေ့လာခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း MOU လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းတွင် ၂၀၂၂ ခုနှစ် ဇွန်လက စတဖွင့်လှစ်ခဲ့သည်။

မွန်အမျိုးသားပညာရေးဌာနအောက်တွင် မွန်အမျိုးသားကောလိပ်အပြင် အခြေခံပညာအဆင့်မှ အထက်တန်းလွန် (Post Ten) အထိ စာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း နှစ်သောင်းနီးပါး တက်ရောက် ပညာသင်ကြားနေသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...