မလုံခြုံတဲ့စစ်ရှောင်တဲအောက်က ထင်းမီးဖိုနဲ့ ဆောင်းညကို အန်တုနေကြသူများ

မလုံခြုံတဲ့စစ်ရှောင်တဲအောက်က ထင်းမီးဖိုနဲ့ ဆောင်းညကို အန်တုနေကြသူများ

ညနေစောင်းပြီဆိုတာနဲ့ အေးချမ်းလာတဲ့ လေပြေတွေနဲ့အတူ နှင်းရည်တွေကို အန်တုဖို့ ထင်းမီးဖိုဘေးမှာ ဝိုင်းထိုင်နေကြတဲ့ မိသားစုလေးတစု။

သူတို့ကတော့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်မိသားစုတစုဖြစ်ပြီး လုံလောက်တဲ့ အနွေးထည်၊ စောင်နဲ့ နေအိမ် မရှိတဲ့အတွက် မီးဖိုကပေးတဲ့ အနွေးဓာတ်သည်သာ သူတို့အတွက် တခုတည်းသော အားကိုးရာပါ။

ဆောင်းရာသီရဲ့ တရက်ထက်တရက် ဆက်တိုက်ပိုပိုပြီး အေးလာတဲ့ အအေးဒဏ်ကို အန်တုဖို့ ညနေမှောင်ရီချိန်ကစပြီး ည ကိုးနာရီအထိ အဲ့ဒီ မီးဖိုဘေးမှာပဲ ညတာရဲ့အချိန်ကို ကုန်ဆုံးကြတယ်လို့ အဲဒီ စစ်ရှောင်မိသားစုရဲ့ မိခင်ဖြစ်သူ ဒေါ် မာရိယာက ပြောပါတယ်။

“အခုအချိန်ဆိုရင် အဒေါ်တို့က မီးဘေးမှာ မီးထိုင်လှုံလိုက်၊ ရေနွေးသောက်လိုက် အဲ့ဒီလိုမျိုးပဲ လုပ်တယ်လေ။ မနက်ခါကျတော့ စောစောမထနိုင်ဘူး။ စောင်အောက်မှာပဲ ခွေပြီးတော့မှ ခြောက်နာရီခွဲလောက်မှထတယ်။”

ဒေါ်မာရိယာ နေထိုင်တဲ့ အဲဒီစစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ လေးထောင်ကျော်ရှိနေပါတယ်။ ခေါင်မိုးရော အကာပါ မိုးကာနဲ့ ပြုလုပ်ထားတဲ့ စစ်ရှောင်စခန်းက တဲအိမ်ငယ်လေးဟာ သူတို့မိသားစုကို ဆောင်းအအေးဒဏ်ကနေ လုံလုံလောက်လောက် ကာကွယ်မပေးနိုင်ပါဘူး။

ဒေါ်မာရိယာတို့လိုပဲ ကရင်နီပြည် စစ်ရှောင်စခန်းအများစုမှာ ဝါးတွေ၊ မိုးကာ တွေကို အသုံးပြုပြီး တဲအိမ်တွေအဖြစ် ဆောက်လုပ်နေထိုင်ကြပါတယ်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သုံးနှစ်အတွင်း ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်းခွဲကျော်ရှိနေပြီး၊ စစ်ရှောင်စခန်းပေါင်း နှစ်ရာကျော်ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နှစ်စဥ် တာပေါ်လင်တခုနဲ့ စောင်တထည် စတဲ့အထောက်အပံ့ကို လိုအပ်နေတဲ့စစ်ရှောင်မိသားစု သုံးထောင်လောက် ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံတကာ မိုးလေ၀သခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်ဟာ အပူ၊ အအေး ပြင်းထန်တဲ့ အစွန်းရောက်မိုးလေ၀သဖြစ်စဥ်များ ဖြစ်တတ်တဲ့ အယ်နီညိုနှစ်အဖြစ် သတ်မှတ်ထားပါတယ်။  ကရင်နီပြည်နယ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက် ကနေ ၁၈ ရက်အထိ အနိမ့်ဆုံးအပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ် ကနေ ၉ ဒီဂရီ စင်တီဂရိတ် အထိလည်းကောင်း၊ အမြင့်ဆုံးအပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ် ကနေ ၂၆ ဒီဂရီ စင်တီဂရိတ်အထိ လည်းကောင်းရှိခဲ့တယ်လို့ မိုးလေ၀သစောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလို ဆောင်းရာသီမှာ နိုဝင်ဘာလကတည်းက စတင်အေးနေခဲ့ပေမယ့် ဇန်နဝါရီလ အတွင်းမှာတော့ အအေးဆုံးဖြစ်နေခဲ့တယ်လို့ စစ်ရှောင်အများစုက ဆိုကြပါတယ်။

“စစ်ရှောင်တဲ့နေရာက တောင်ခြေနားမှာ။ အောက်မှာက ရေချောင်းရှိတော့ ပိုအေးတယ်။ မနက် ၈ နာရီအထိတောင်မှ နေမထွက်သေးဘူး။ တောင်တွေနဲ့ ကွယ်တော့ ညနေဆိုရင်လည်း နေဝင်တာ အရမ်းစောတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတခုမှာ နေထိုင်တဲ့ မော်ဘူးမြာက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ဗုံးကြဲခံရမှုနဲ့ လက်နက်ကြီးကျရောက်မှု ရန်တွေကနေ အကာအကွယ်ရနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ရှောင်အများစုက တောတောင်တွေကြားမှာ နေထိုင်ကြပါတယ်။ အဲ့ဒီအခြေအနေက စစ်ရှောင်စခန်းတွေမှာ အအေးဒဏ်ပိုစေခဲ့ပြီး နေရဲ့ အလင်းရောင်ရဖို့လည်း ပိုအလှမ်းဝေးစေခဲ့ပါတယ်။

ဒီလိုဆောင်းရာသီကိုကျော်ဖြတ်ဖို့ လိုအပ်တဲ့ စောင်တွေကို ဝယ်ဖို့ မတတ်နိုင်ကြပါဘူး။ စစ်ရှောင်တွေကလည်း တနေရာပြီး တနေရာ ရှောင်တိမ်းနေရတဲ့အတွက် ရှိနှင့်တဲ့ပစ္စည်းတွေကို အကုန်မသယ်နိုင်လို့ လုံလောက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ရှိမနေပါဘူး။

“စောင်ကလည်း ငါးသောင်း၊ ခြောက်သောင်း နှစ်ထပ်အထူမျိုးဆိုရင် အဲ့လောက်တော့ ရှိတယ်။ ဒါပေမဲ့ တခါမှမဝယ်ဘူး။ ပြီးတော့ ရှိတာလေးနဲ့ပဲ စုပေါင်းခြုံလိုက် နောက်ပြီးတော့ နေ့လယ်ဆိုရင် နေပူနဲ့လှန်းလိုက် နောက်ပြီးတော့ ညနေစောင်းဆိုရင် ပြန်ရုတ်ပြီးတော့မှ နွေးအောင် ခေါက်ထားလိုက် အဲ့ဒီလိုမျိုးပဲ လုပ်ရတယ်ကော။” လို့ ဒေါ်မာရိယာက ပြောပါတယ်။

လက်ရှိ သူမနဲ့အတူ အဲဒီစစ်ရှောင်စခန်းမှာ ခင်ပွန်း၊ သမီးနှစ်ယောက် အတူနေထိုင်နေပါတယ်။ စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ များပြားတဲ့အတွက် အလှူရှင်တွေ လုံလုံလောက်လောက် မ‌ရောက်ရှိပါဘူး။ ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့အတွက် နေ့စဥ်စားသောက်ဖို့ သီးနှံအနည်းငယ် စိုက်ပျိုးတာကိုပဲ ပြုလုပ်ခဲ့ရပါတယ်။

“အခုချိန်မှာက ကုန်စျေးနှုန်းတွေက အကုန်တက်နေတော့ စောင်ဝယ်ဖို့လည်း မတတ်နိုင်ဘူး။ ကျနော်ပဲ မဟုတ်ဘူး။ စစ်ရှောင်နေရတဲ့ သူတွေကလည်း အဲ့ဒါက သူတို့အတွက် စိန်ခေါ်မှုတရပ်ပဲပေါ့နော။ စောင်ကလည်း လုံလုံလောက်လောက်မရတော့ သူတို့က အလှူရှင်တွေကိုပဲ အားကိုးနေရတယ်ပေါ့နော။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ကနန်း က ပြောပါတယ်။

တိုက်ပွဲတွေကြား စစ်ရှောင်တွေဟာ မူလနေရာနဲ့ မတူညီတဲ့ ဒေသကို ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ဒေသအလိုက်ကွဲပြားတဲ့ ရာသီဥတုဒဏ်ကို မခံနိုင်ကြဘူးလို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စိန်ထွန်းက ပြောပါတယ်။

“ဒီကာလက အေးတဲ့ရာသီ အေးတဲ့ကာလလည်းဖြစ်တယ်။ ပြီးတော့ အထူးသဖြင့် လွိုင်ကော်ကနေ စစ်ဘေးရှောင်လာတဲ့ သူတွေဆိုရင် ပိုပြီးတော့ ဒုက္ခရောက်တယ်ပေါ့နော။ သူတို့တွေမှာ စောင်တွေပါမလာကြဘူး။ နောက်ပြီးတော့ ဘယ်လိုပြောရမလဲဆိုရင် သူတို့က ကိုယ်လွတ်ရုန်းပြေးလာတဲ့အခါကျတော့ တချို့ခါကျတော့ အရေးကြီးဟာလောက်ပဲ သယ်လာကြပြီးတော့ လုံလုံလောက်လောက်၊ စုံစုံလင်လင် ပါမလာကြဘူး။” လို့ စိန်ထွန်းက ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေတော့ အဆင်ပြေနိုင်ပေမဲ့၊ မတတ်နိုင်တဲ့မိသားစုတွေအတွက် စောင်တွေကိုလှူဒါန်းပေးဖို့ တောင်းဆိုတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဆောင်းအအေးဒဏ်ကြောင့်လည်း သက်ကြီးပိုင်းတွေနဲ့ ကလေးသူငယ်တွေမှာ ဖျားနာတာမျိုးတွေ ရှိနေခဲ့ပါသေးတယ်။

“တချို့ကတော့ ဖျားချင်တော့ ချမ်းစိမ့်ချမ်းစိမ့်ဖြစ်တယ်ပေါ့နော။ ဖျားချင်တာ ကိုက်ခဲတာ အဲ့လောက်ပါပဲပေါ့နော။ ငှက်ဖျားတော့ မရှိပါဘူး။ အေးတာတော့ ရှိတယ်။ တချို့က အေးတာနဲ့ ကိုက်ခဲ ကြတာပေါ့နော။ တယောက်နဲ့ တယောက်ကလည်း မတူဘူးပေါ့နော။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဆေးပေးခန်းဆရာမ ကက်သရင်းသိုးမိုးက ပြောပြပါတယ်။

သို့ပေမဲ့ သက်ကြီးပိုင်းဖြစ်တဲ့အလျောက် အဲ့ဒီအအေးဒဏ်တွေကြောင့် ကိုက်ခဲပြီး ဖျားနာတာမျိုးတွေဖြစ်နေတယ်လို့ ဒေါ်မာရိယာက ပြောပါတယ်။

“ကိုက်တယ်လေ။ အဒေါ်ဆို ဒူးနာတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အေးလို့လား။ အေးတာနဲ့လည်း ဆိုင်တယ်ထင်တယ်။ ဒူးက သွားလို့ရှိရင် ခံပြီး နည်းနည်း နာတယ် အဲ့လိုမျိုးလေ။ နောက်ပြီးတော့ နေ့လယ်ပိုင်းရောက်လို့ရှိရင် နည်းနည်း သက်သာတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းလောက်ဆိုရင် အဲဒီဒူးက နည်းနည်းကိုက်တယ်။”

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁.၁၁ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့သိမ်းတိုက်ပွဲအဖြစ် လွိုင်ကော်မြို့ပေါ်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလကုန်အထိလည်း ကရင်နီပြည် ရှားတောမြို့နဲ့ ဘောလခဲမြို့ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။

တိုက်ပွဲဖြစ်ပွားတဲ့ ရက်ပေါင်း ၈၀ အတွင်း ကရင်နီပြည်က မော်ချီးဒေသ နဲ့ ရွာသစ်မြို့အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ရှားတော စတဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီ စခန်းကုန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေထဲ နယ်မြေရှင်းလင်းရေးတွေ မပြုလုပ်ရသေးတဲ့အတွက် ဒေသခံတွေ ပြန်လည်နေထိုင်လို့ မရသေးပါဘူး။

တိုက်ပွဲမီးလျှံကြားမှာ ဒေါ်မာရိယာကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို တတ်နိုင်သလောက်အန်တုနိုင်မဲ့ လိုအပ်တဲ့ စောင်နဲ့ ဆေးဝါးအကူအညီတချို့ကို ရရှိဖို့ မျှော်လင့်နေပါတယ်။

သို့ပေမဲ့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ ဆောင်းအအေးဒဏ်ကို နွေးနွေးထွေးထွေးကျော်ဖြတ်ဖို့တော့ မသေချာလှပါဘူး။

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...