မင်းတပ်တိုက်နယ် (၂) ခုက မင်းတပ်ဒေသ (၁) ကောင်စီဖွဲ့ပြီး ချင်းလဲန်းကောင်စီမှာ ဒေသအစုအဖွဲ့အဖြစ် ပါဝင်မည်

မင်းတပ်တိုက်နယ် (၂) ခုက မင်းတပ်ဒေသ (၁) ကောင်စီဖွဲ့ပြီး ချင်းလဲန်းကောင်စီမှာ ဒေသအစုအဖွဲ့အဖြစ် ပါဝင်မည်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှ တိုက်နယ်နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်းကောင်စီ -CC ၏ အစိုးရဖွဲ့စည်းမှုတွင် ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် အပြည့်အဝ ပူးပေါင်း ပါဝင်ပြီဖြစ်ကြောင်း မင်တပ်ဒေသ (၁) ကောင်စီမှ တာဝန်ရှိသူ ကိုမောင်အောင်က ပြောသည်။

ချင်းပြည်သူတွေ မျှော်လင့်နေကြသော ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ပြီဖြစ်သောကြောင့် မင်းတပ်မြို့နယ် အတွင်းမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) တို့က ပြည်သူများသည် ဆုံးဖြတ်ချက် ချမှတ်၍ မင်းတပ်ဒေသ (၁) ကောင်စီကိုဖွဲ့စည်းကာ ချင်းလဲန်းကောင်စီ - CC တွင် ပါဝင်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“ဒေသ ၁ ထဲမှာမှ ပြည်သူတွေကို အခြေခံပြီးတော့ ကျေးရွာတိုင်းမှာ ပြည်သူတွေနဲ့ သဘောထား ဆန္ဒတွေကို တောင်းခံတယ်။ ပြည်သူလူထုက ကျနော်တို့ကို နိုင်ငံရေးအနေနဲ့က ချင်းလဲန်းကောင်စီကို သွားပါဆိုပြီးဖြစ်တယ်။ တကယ်လို့များ မင်းတပ်ဒေသ ၁ က လူထုက ICNCC ကို သွားပါလို့ ဆုံးဖြတ်လာရင်လည်း ကျနော်တို့က လက်ခံမှာပဲ။ ချင်းလဲန်းကောင်စီမှာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်တော့မယ်” ဟု ကိုမောင်အောင်က ပြောသည်။

မင်းတပ်ဒေသ (၁) ကောင်စီသည် ချင်းလဲန်းကောင်စီတွင် မြို့နယ်အစုအဖွဲ့ တစ်ခုအစား ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် ပါဝင်မည်ဖြစ်သည်။

ဇန်နဝါရီလအတွင်းမှာ မင်းတပ်ဒေသ (၁) ကောင်စီနယ်နိမိတ်အတွင်းက လူထုကို သဘောထားတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက် မှစတင်၍ မင်းတပ်ဒေသ (၁) နယ်မြေအတွင်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ လူမူဖွံဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ကိစ္စအရပ်ရပ်ကို တော်လှန်ရေးကာလအလွန် ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ ပီပြင်စွာ ပေါ်ပေါက်သည်အထိ မင်းတပ်ဒေသ (၁) ကောင်စီက ရိုးရာဓလေ့ထုံးတမ်းစဉ် လာဥပဒေနှင့်အညီ ဦးဆောင်စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

မင်းတပ်ဒေသ (၁) ကောင်စီမှ လူထုသည် ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးတွင် ချင်းပြည်ကောင်စီ နှင့် ချင်းပြည်အစိုးရ ပေါ်ပေါက်ရေး အလွန်အရေးကြီးလိုအပ်နေသည်ဟု ယုံကြည်လက်ခံကြောင်း မင်းတပ်ဒေသ (၁) ကောင်စီက ထုတ်ပြန်သည်။

CNC- မင်းတပ်/ CDF - မင်းတပ်မှ ခွဲမထွက်မီက တိုက်နယ် (၄) လက်အောက်ရှိ တပ်ရင်း (၃) တစ်ခုလုံးသည် ယခုအခါ မင်းတပ် ဒေသ (၁) ကောင်စီအောက်တွင် ရောက်ရှိ သွားသည်ဟု သိရသည်။

တိုက်နယ် (၁၁) လက်အောက်မှ CDF – Mindat တပ်ရင်း (၄) က ထက်ဝက်နီးပါးသည်လည်း မင်းတပ်ဒေသ (၁) ကောင်စီ အောက်တွင် ပါဝင်လာသည်ဟု သိရသည်။

တိုက်နယ် (၄) သည် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အကြားတွင် တည်ရှိပြီး ကန်ပက်လက်မြို့နယ်၊ တိုက်နယ် - ၅ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မင်းတပ်မြို့နယ်ထဲမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) သည့် တစ်ဆက်တစ်စပ်ထဲ တည်ရှိနေသကဲ့သို့ ကန်ပက်လက်မြို့နယ်နှင့် လည်း ထိစပ်နေသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...