တယ်လီနော ဖုန်းတိုင်များတိုးချဲ့နိုင်ရန် ဒေသခံများ ကူညီရန်လိုဟု ဆို

တယ်လီနော ဖုန်းတိုင်များတိုးချဲ့နိုင်ရန် ဒေသခံများ ကူညီရန်လိုဟု ဆို
by -
ကန္တာရဝတီတိုင်း(မ်)
တယ်လီနောဖုန်း တာဝါတိုင်များကို ကယားပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ထပ်မံတိုးချဲ့တည်ဆောက် နိုင်ရန်အတွက် ဒေသခံများ၏ ကူညီမှု လိုအပ်နေသည်ဟု တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ် ပတ်တာဖားဘက်က ပြောသည်။

လက်ရှိ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်သာ အသုံးပြုနိုင်ပြီး တာဝါတိုင်များ ထပ်မံတိုးချဲ့တည်ဆောက်နိုင် မည့် နေရာအခက်အခဲရှိနေခြင်းဖြစ်သည်ဟု သိရသည်။

“တာဝါတိုင်တွေ တည်ဆောက်ဖို့ ကယားပြည်နယ်က ပြည်သူတွေရဲ့ ကူညီမှုကို လိုအပ်တယ်။ မြို့တွင်းမှာ ရှိတဲ့လူတွေပေါ့။ ပြည်သူတွေ တယ်လီနောကို အားကိုးမယ်လို့ မျှော်လင့်ပါတယ်။ ကျနော် တို့က လိုင်းကောင်းဖို့ ပြည်သူတွေကို ကူညီနေတယ်။ ဖုန်းပြောတာဖြစ်စေ၊ အင်တာနက်သုံးတာ၊ အချက်လက်ရှာဖွေတာ၊ ဂိမ်းကစားတာဖြစ်စေ တယ်လီနောနဲ့ အရမ်းအဆင်ပြေပါတယ်။ ထပ်ပြီးတော့ မျှော်လင့်ပါတယ်။ တာဝါတိုင်တွေတည်ဆောက်ဖို့ နေရာရှာတာတို့၊ ဘာတို့ ပြည်သူတွေ ကူညီမယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ ကျနော်တို့ လိုင်းတွေ တိုးချဲ့နိုင်မယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တယ်လီနော ဖုန်းလိုင်းများ ကယားပြည်နယ် ရှိမြို့နယ်တိုင်းတွင် ရှိစေချင်ပြီး ဒေသခံများ အတွက် ထိခိုက်နစ်နာမှုမရှိပါက ကူညီရန် အသင့်ရှိကြောင်း ဘောလခဲမြို့မှ ဦးပြေငြိမ်းအောင်က ပြောသည်။

ဦးပြေငြိမ်းအောင်က “ကျနော်တို့ တယ်လီနောဆိုလည်း မျှော်လင့်တယ်၊ ဖုန်းလိုင်းရဖို့ပေါ့။ MPT ဆိုလည်း တိုင်တွေသာ ထောင်တာ ခုထိ မရသေးဘူး။ ဒေသခံတွေအတွက် ထိခိုက်နစ်နာမှု မရှိဘူးဆို၊ ကျနော်တို့ကတော့ ကူညီမှာပဲလေ ဖုန်းလိုင်းရဖို့”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တယ်လီနောအင်တာနက် ဖုန်းပြောဆိုခများ သက်သာမှုရှိကာ ပြည်နယ်တွင်း သုံးစွဲသူများအတွက် ပိုမို အဆင်ပြေနေသည်ဟု လွိုင်ကော်မြို့ တယ်လီနောသုံးစွဲသူ တစ်ဦးက ပြောသည်။

“ကိုယ်လိုချင်တာကို အချိန်မရွေး ဒေါင်းယူလို့ရတယ်၊ အချိန်တွေကုန်တာ သက်သာတယ်ပေါ့။ အားနည်းချက်ကတော့ တစ်ပြည်နယ်လုံး မရောက်သေးတာပေါ့။ တကယ်တမ်း ဖုန်းလိုင်းအခက်ခဲ ဖြစ်တဲ့ နေရာတွေမှာ အမြန်လုပ်ပေးသင့်တာပေါ့”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဇူလိုင်လ (၁၀) ရက်နေ့က တယ်လီနောမြန်မာမှ တယ်လီနော ဖုန်းလိုင်းဖွင့်ပွဲကို လာရောက်ပြုလုပ်ခဲ့ပြီး နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗို၊ ဘိုဖြူ၊ ဟဲလေး၊ အိုင်းရစ်ဇင်မာမြင့်၊ အာဇာနည်၊ ဇေယျနှင့် အခြားအဆိုတော်သစ်များမှ လာရောက်ဖျော်ဖြေခဲ့ကြသည်။

တယ်လီနော မြန်မာက ဝေးလံခေါင်ဖျားသော နေရာများ၊ လူဦးရေနည်းသည့် ဒေသများတွင် ၂၀၁၆-၂၀၁၇ နောက်ပိုင်းတွင် ဖုန်းလိုင်းများ အားလုံးနီးပါး ရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လက ကန္တာရဝတီတိုင်း(မ်)နှင့် တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ်တို့ တွေ့ဆုံစဉ် ပြောကြားထားသည်။

ကယားပြည်နယ် မြို့နယ် ရ မြို့နယ်အတွင်းတွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင်သာ ဆက်သွယ်ရေးဖုန်းလိုင်းများ ရရှိထားကြပြီး ကျန်သည့်မြို့နယ်များမှာ ဆက်သွယ်ရေး အခက်အခဲများ ရှိနေကြသေးသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...