လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးရန် ခူမီး (ချင်း) မျိုးနွယ်စု အတိုင်ပင်ခံကောင်စီ တောင်းဆို

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ပေးရန် ခူမီး (ချင်း) မျိုးနွယ်စု အတိုင်ပင်ခံကောင်စီ တောင်းဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်နှင့် ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးဆောင်ရွက်ပေးရန် ကြားကာလ ခူမီး (ချင်း) မျိုး နွယ်စု အတိုင်ပင်ခံကောင်စီ/ ပလက်ဝကိုယ်ပိုင်အုပ်ချုုပ်သော ခရိုင်ကောင်စီက တောင်းဆိုသည်။

ယခုလက်ရှိ ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဒေသခံအရပ်သား ပြည်သူများသေကြေ ဒဏ်ရာရရှိမှု၊ နေအိမ်နှင့်ဘာသာရေး အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ထို့အကြောင့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဘာသာရေးနှင့်အရပ်ဘက်ဆိုင်ရာအဆောက်အအုံ၊ အပြစ်မဲ့အရပ်သား ပြည်သူများအား ပစ်မှတ်ထားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းမျိုးမလုပ်ဘဲ ဂျီနီဗာကွန်ဗင်းရှင်း ပါပြဌာန်းချက်များနှင့်အညီ အရပ် သားပြည်သူများဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ပေးကြရန် အလေး အနက်တောင်းဆိုသည်ဟု ဇန်န၀◌ါရီလ ၁၁ ရက် နေ့စွဲဖြင့် ကြားကာလ ခူမီး (ချင်း) မျိုး နွယ်စု အတိုင်ပင်ခံ ကောင်စီ/ ပလက်ဝကိုယ်ပိုင်အုပ်ချုုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝကိုယ်ပိုင် အုပ်ချုုပ်သော ခရိုင်ကောင်စီ ဥဣဌ ဆလိုင်းမျိုးထိုက်က “အပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင် လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ပြည်သူတွေက မြေစာပင်ဖြစ်ရတာ ကြာပါပြီ။ အပြစ်မဲ့ပြည်သူတွေအတွက် ပိုပြီးမှ ထိလွယ်ရှလွယ်တဲ့အတွက်ကြောင့် သူတို့တွေလုံလုံခြုံခြုံနဲ့ နေနိုင်ဖို့၊ လက်နက်ကိုင်တွေရဲ့ ကြားမှာ ပြည်သူတွေရဲ့ ဘဝ၊ အသက်က ကာကွယ်စောင့်ရှောက်ဖို့ ဘယ်အဖွဲ့စည်းဖြစ်ဖြစ် တာဝန်ရှိပါတယ်” ဟု ပြောသည်။

ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကာ ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန် စစ်ကောင်စီစခန်းများကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးတိုက်ပွဲများ ဖော်ဆောင်နေသည်ဟု ရက္ခိုင်တပ်တော်က ဇန်နဝါရီလ ၉ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိနေပြီး ယခုလက်ရှိတွင်လည်း ပလက်၀မြို့ပေါ်က ပြည်သူအားလုံးနီးပါးသည်လည်း မြို့ကိုစွန့်ခွါ၍ ဘေးကင်းလုံခြုံရာဒေသကို ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

ပလက်၀မြို့နယ် ပြည်သူများအနေဖြင့် ယခုအခြေအနေအရ ဘာသာရေးပွဲလမ်းသဘင်များ၊ လူစုလူဝေးပြုလုပ်မူများ ရှောင်ကျဥ်ကာ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မူဒဏ်ခံနိုင်သည့် ကတုတ်ကျင်းတူးခြင်း အပါအဝင် မိမိတို့လုံခြုံရေးကို အထူးဂရုပြုနေထိုင်ကြပါရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စု အတိုင်ပင်ခံကောင်စီ/ ပလက်ဝကိုယ်ပိုင် အုပ်ချုုပ်သော ခရိုင်ကောင်စီက တောင်းဆိုထားသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...