ပလက်ဝမှ စစ်ကောင်စီစခန်း ၂၂ ခုအထိ AA က သိမ်းပိုက်ရရှိထား

ပလက်ဝမှ စစ်ကောင်စီစခန်း ၂၂ ခုအထိ AA က သိမ်းပိုက်ရရှိထား
ပလက်ဝဒေသရှိ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံနေသည့်ပုံ။
ပလက်ဝဒေသရှိ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံနေသည့်ပုံ။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသတွင် စစ်မျက်နှာဖွင့် တိုက်ခိုက်နေသည်မှာ ၂ လခန့် ကြာမြင့်လာပြီဖြစ်သည်။ လက်ရှိတွင် ရခိုင်နှင့် ပလက်ဝရှိ စစ်ကောင်စီ စခန်းကြီး၊ စခန်းငယ် ၁၅၀ ကျော်ကို AA က သိမ်းပိုက်ထားပြီး ယင်းအထဲတွင် ပလက်ဝမှ ၂၂ ခု ပါဝင်သည်။

“ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာနိုင်ရန် ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် အနည်းငယ်သော လက်ကျန်စခန်းများကို ဆက်လက်တိုက်ခိုက်လျက်ရှိပြီး မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ” ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဇန်နဝါရီလ (၉) ရက် ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် နိုဝင်ဘာ ၁၃ ရက်မှစ၍ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေပြီး ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ တရွန်အိုင်၊ နှုံးဘူးနှင့် ခဝဲဗျူဟာကုန်း၊ မြိတ်ဝစခန်း၊ လာမွီတောင်စခန်း၊ ပွိုင့် ၃၉၁၊ ၃၅၁၊ ၁၂၉၊ ၁၅၉၊ ၃၇၇၊ ရှင်းလက်ဝစခန်းကုန်းများ စသည့်စခန်းပေါင်း ၂၂ ခုကို AA က အပြီးသတ် သိမ်းပိုက်ထားသည်။

ဇန်နဝါရီလ (၉)ရက် တစ်နေ့လုံး ပလက်ဝမြို့အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီမှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့အခြေစိုက် ခလရ(၂၈၉) တပ်ရင်းနှင့် မြို့အနီးဝန်းကျင်ရှိ ခလရ (၂၃၃)၊ ခမရ (၃၇၄)၊ ခမရ (၃၇၆) လက်အောက်ခံ တပ်စခန်း ၈ ခုထက်မနည်းကို AA က ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်နေ၍ ပလက်ဝမြို့ခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပလက်ဝဆေးရုံအပြင် စစ်ကောင်စီဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားသည်။

DMG က ရရှိထားသည့်စာရင်းအရ နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး ဇန်နဝါရီ ၉ ရက်နေ့အထိ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက အရပ်သားနေရာများကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့သည်။

ထို့အပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ကြိမ်ဖန်များစွာသုံး၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...