စစ်တွေတွင် အရပ်သား ၆၀ ခန့်ကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီး

စစ်တွေတွင် အရပ်သား ၆၀ ခန့်ကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီး
တကျော့ပြန် ရခိုင်တိုက်ပွဲနောက်ပိုင်း စစ်တွေမြို့တွင်း တစ်နေရာ။
တကျော့ပြန် ရခိုင်တိုက်ပွဲနောက်ပိုင်း စစ်တွေမြို့တွင်း တစ်နေရာ။

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အရပ်သားပြည်သူ ၆၀ ဦးခန့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးသွားခဲ့သည်။

စစ်တွေမြို့နယ်၊ သုံးဆောင်ကျေးရွာမှ ၄၀ ခန့်နှင့် BXT ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသူများ အပါအဝင် ၂၀ ခန့်ကို ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများ ပြောပြချက်အရ သိရသည်။

“ဆတ်ရိုးကျရပ်ကွက်ကို ပထမဆုံးဝင်စစ်တယ်။ စစ်ကားသုံးစီးပါတယ်။ ဗျိုင်းဖြူရွာဖက်ကတော့ မဖမ်းသွားဘူး။ သုံးဆောင်ရွာက လူတွေကို ဖမ်းသွားတယ်” ဟု သုံးဆောင်ကျေးရွာမှ မျက်မြင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်သည် စစ်ကားသုံးစီးဖြင့် ဆတ်ရိုးကျရပ်ကွက်နှင့် သုံးဆောင်ကျေးရွာကို ဝင်ရောက်ကာ ၎င်းတို့မသင်္ကာသူများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသူများဟု သုံးဆောင်ရွာမှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့လာတဲ့လမ်းကြောင်းမှာ တွေ့တဲ့သူကို နာမည်မေးတယ်။ စစ်ဆေးတယ်။ ပြီးတော့ ကားပေါ်တင်သွားတာ။ ဘယ်နေရာကိုခေါ်သွားလဲ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းနေ့တွင်ပင် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသူများနှင့် မြို့နယ်အသီးသီးမှ ဈေးလာဝယ်သည့် ဒေသခံ စုစုပေါင်း ၂၀ ခန့်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်။

စစ်တွေမြို့မှ သဗ္ဗာန်ကူးတို့သည်တစ်ဦးက “နယ်ဘက်က ဈေးလာဝယ်သူတွေကိုပါ ဖမ်းသွားတယ်။ စစ်ကောင်စီနဲ့ ALP တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းကြတာ။ စစ်တွေမှာ စစ်သားတွေထက် ALP တပ်ဖွဲ့ဝင်တွေကို ပိုကြောက်နေရတယ်” ဟု ပြောသည်။

ALP တပ်ဖွဲ့က စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံများအား ဖမ်းဆီးနေသည် ပြောဆိုချက်နှင့်ပတ်သက်၍ ALP ဉက္ကဌ စောမြရာဇာလင်းကို DMG က ဆက်သွယ်ခဲ့ရာတွင် “ဆရာမကြီး အလုပ်များနေတယ်။ ဒီကိစ္စကို အားတဲ့အချိန်မှာ ပြန်ဆက်သွယ်ပေးပါမယ်” ဟု ၎င်း၏ ကိုယ်ရေးအရာရှိ PSO က တုန့်ပြန်သည်။

ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စစ်ကောင်စီ၏ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အတွင်းရေးမှူးရုံး ပြောခွင့်ရသူ ဗိုလ်မှူး ခိုင်သူရိန်က ၂၀၂၃ ဇူလိုင်လက DMG ကို ပြောဆိုထားသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသခံများကို နေ့စဉ်နှင့်အမျှ လိုက်လံဖမ်းဆီးမှုနေပြီး အခြားမြို့များထက် စစ်တွေမြို့တွင် ပို၍ဖမ်းဆီးနေခြင်း ဖြစ်သည်။ ဇန်နဝါရီ ၇ ရက်ထိ ဒေသခံ ၁၇၀ ကျော်ကို ဖမ်းဆီးထားပြီး အချို့ကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) အပါအဝင် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရေးယူထားသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...