ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် နေရာများတွင် တိုက်ပွဲဖြစ်ပွားမှုများကိုရှောင်ရှားကြရန် Save the Heritage အဖွဲ့မေတ္တာရပ်ခံ

ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် နေရာများတွင် တိုက်ပွဲဖြစ်ပွားမှုများကိုရှောင်ရှားကြရန် Save the Heritage အဖွဲ့မေတ္တာရပ်ခံ

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားမှုများကို ရှောင်ရှားကြရန်အတွက် နိုင်ငံအတွင်းမှာရှိနေသည့် လက်နက်ကိုင်အဖွဲ့အားလုံးကို Save the Heritage အဖွဲ့က မေတ္တာရပ်ခံထားသည်။ ယဥ်ကျေးမှုအမွေအနှစ်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ ခံတပ်သဖွယ် အကာကွယ်ယူအသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် စစ်ပွဲမဖြစ်ပွားမီတည်းကအမွေအနှစ်နေရာများကို ရှောင်ကွင်းပြီး စစ်ဆင်ရေးဖော်ဆောင်ရန် ၊ ထိန်းသိမ်းခြင်း ၊ အချက်အလက်စုဆောင်းခြင်းများ ပြုလုပ်ကြရန်အတွက် မေတ္တာရပ်ခံထားသည်။

အထူးသဖြင့်စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက အများပြည်သူ ခိုလှုံရာဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်သကဲ့သို့ တပ်စွဲခြင်းများလည်းပြုလုပ်နေကြောင်း မေတ္တာရပ်ခံ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကာင်စီကတပ်စွဲထားသည့် နေရာများကို  တော်လှန်အဖွဲ့များကလည်း တိုက်ခိုက်မှုများပြုလုပ်သဖြင့် အမွေအနှစ်ပျက်စီးမှုများရှိနေသည်ဟု အဖွဲ့ကဆိုသည်။  ဥပမာအားဖြင့် မန္တလေးမြို့ရှိ ယဥ်ကျေးမှုအမွေအနှစ်အဆောက်အအုံတခုဖြစ်သည့် နန်းတွင်းထဲတွင် စစ်ကောင်စီက တပ်စွဲခြင်းထားသဖြင့် တော်လှန်အဖွဲ့များက တိုက်ခိုက်ခဲ့မှုများရှိကြောင်း ၎င်းတို့ကထောက်ပြသည်။

"အကြမ်းဖက်စစ်ကောင်စီရှိလို့ဆိုပြီး ကျနော်တို့က ဝင်တိုက်တာမျိုးကြရင် ဘာဖြစ်လဲပြောရင် နောင်တချိန်မှာ တရားဥပဒေအရဖြေရှင်းတဲ့အခါမျိုးမှာဆိုရင် နှစ်ဖက်လုံးကနစ်နာနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ အဲဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တရားစွဲတာကနောက် လောလောဆယ် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ ပျက်စီးတယ်။ စစ်ဘောင်ကျယ်လာတဲ့အတွက်အဲဒီဟာမျိုးတွေကဖြစ်လာမှာ" ဟု Save the Heritageအဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသည့် Geneva Convention VI နှင့် The Hague Convention 1954 တို့ကို ကျူးလွန်ဖောက်ဖျက်ခြင်း ဖြစ်သည်ဟုရှေးဟောင်းသုတေတနပညာရှင်များကဆိုသည်။

တိုက်ပွဲများကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးနေရသကဲ့သို့ လက်နက်ကိုင်ပဋိပက္ခနယ်မြေများတွင် ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက်ကားမှုများလည်း ရှိနေကြောင်း သိရသည်။

 အဆိုပါလုပ်ရပ်များကိုလည်း လက်နက်ကိုင်အဖွဲ့အသီးသီးအနေဖြင့် ထိန်းသိမ်းကြပ်မတ်ကြရန် လိုအပ်နေသည်ဟု တိုက်တွန်းပြောဆိုထားသည်။  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အပေါ်တွင် ကျူးလွန်သည့် ရာဇဝတ်မှုများကို မည်သည့်လက်နက်ကိုင် တပ်ဖွဲ့က ကျူးလွန်သည်ဖြစ်စေ Save the Heritage အနေဖြင့်မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်းအသိပေးထားသည်။ ရှေးဟောင်းအမွေအနှစ်များသည် စစ်အာဏာရှင်အလွန် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသား အမှတ်လက္ခဏာကိုဖော်ညွှန်းနိုင်သည့်အရာများ ဖြစ်လာမည့်အပြင် ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်း အတွက် အရင်းအမြစ်များလည်းဖြစ်ကြောင်း Save the Heritageကထုတ်ပြန်ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...