နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” ဖွဲ့စည်းကြောင်း ချင်းလဲန်းကောင်စီညီလာခံ မတက်ရောက်သည့် ၃ ဖွဲ့ ကကြေညာ

နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” ဖွဲ့စည်းကြောင်း ချင်းလဲန်းကောင်စီညီလာခံ မတက်ရောက်သည့် ၃ ဖွဲ့ ကကြေညာ

ချင်းပြည်နှင့် ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” မဟာမိတ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ချင်းလန်းကောင်စီညီလာခံ မတက်ရောက်သည့် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့ ကပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။

Zomi Federal Union (ZFU)/ PDF-Zoland၊ Chin National Organization (CNO/CNDF) နှင့် Chin National Council (Mindat)/ CDF- Mindat (၃)ဖွဲ့တို့သည် ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် “ချင်းညီနောင်” ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်းပါဝင်ကြမည်ဟု ယင်းအဖွဲ့ ၃ အဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။

“ချင်းညီနောင်” တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော် ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင် တွန်းလှန်တုံ့ပြန်သွားမည်ဟု ယင်းအဖွဲ့တို့က သဘောတူထားသည်။

“ချင်းညီနောင်”၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံး အရေးနှင့် ပြည်ထောင်စုကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်က CNF/CNA ဗဟိုဌာနချုပ်တွင် CNF/CNA အစုအဖွဲ့၊ CDF ၁၄ ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တချို့ သည် ချင်းလဲန်းကောင်စီညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။

ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေး မရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း တွေ့ရှိရသည်ဟုဆိုကာ ချင်းလဲန်းကောင်စီညီလာခံကို မတက်ရောက်ခဲ့ပါ။

ဒီဇင်ဘာလလယ်ပိုင်းက ချင်းလဲန်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Chinland Joint Defense Committee- CJDC) ကို အပြီးသတ် ဖျက်သိမ်းပြီးနောက် လက်ရှိတွင် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့က “ချင်းညီနောင်”အဖြစ် စစ်ရေးနှင့် နိုင်ငံရေးတို့တွင် မဟာမိတ်များအဖြစ် ဖွဲ့လာခြင်းဖြစ်သည်။

“ချင်းညီနောင်”အဖွဲ့သည် ချင်းနိုင်ငံရေးကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ဆက်သွားနိုင်ရန် ဆွေးနွေးနေပြီး လက်ရှိ ICNCC ၏ လိုအပ်ချက်များကို ဖြည့်စွက်၍ ပြင်ဆင်ဖွဲ့စည်းနေသည်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

ပုံစာ - CNO/CNDF, ZFU/PDF Zoland, CNC/CDF Mindat မှ ခေါင်းဆောင်များကို Camp Rihli တွင် ဒီဇင်ဘာလ ၁၇ ရက်က အတူမြင်တွေ့ရစဉ်။

May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...