စစ်ပွဲဂယက်ကြောင့် ရခိုင်ဒေသ စီးပွားရေးလုပ်ငန်းများ ရပ်နားထားရ

စစ်ပွဲဂယက်ကြောင့် ရခိုင်ဒေသ စီးပွားရေးလုပ်ငန်းများ ရပ်နားထားရ

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလမှစ၍ ယနေ့အချိန်ထိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အထည်ချုပ်၊ အသေးစား အလတ်စား စက်ရုံနှင့် တပိုင်တနိုင် စသည့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်နေသည်။

ရခိုင်နှင့် ပြည်မ ကူးသန်းနေသည့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးကို စစ်ကောင်စီက ပိတ်ဆို့ထား၍ စီးပွားရေးလုပ်ငန်းများ ရပ်နားထားရခြင်းဖြစ်သည်။ ယင်းအပြင် မြို့နယ်ချင်းဆက် လမ်းခရီးအားလုံးကိုလည်း ပိတ်ဆို့ထားသဖြင့် ပြည်တွင်းစီးပွားရေးမှာ စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “စီးပွားရေးလုပ်ငန်းမှန်သမျှ လက်လီလက်ကားအားလုံး ရပ်နေတယ်။ အခု ဒေသတွင်းမှာ စိုက်ပျိုးရေးသီးနှံတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတချို့သာ လည်ပတ်နိုင်တော့တယ်။ ပြောရရင် ရခိုင်ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေဟာ ၁၀ ခိုင်နှုန်းလောက်ပဲ လည်ပတ်တယ်လို့ ပြောနိုင်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ဒေသခံများ အဓိကလုပ်ကိုင်သည့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း စစ်ရေးပြင်းထန်နေသည့် မြို့နယ်အချို့တွင် စပါး မရိတ်သိမ်းနိုင်ကြပေ။ သွားလာခွင့်ပိတ်ထားမှုကြောင့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတို့မှာလည်း လုပ်ငန်းရပ်နားရသည်အထိ  ရှိလာသည်။

“ပြည်မက သွင်းတဲ့အစာကို အားထားနေရတဲ့ ကြက်နဲ့ဝက် မွေးမြူရေးသမားတွေက အစာမကျွေးနိုင်တော့ဘူး၊ ငါးပုစွန်မွေးမြူရေးသမားတွေဆိုရင်လည်း အဝယ်ဒိုင်တွေမှာ သွင်းလို့မရတော့ဘူး။ စိုက်ပျိုးရေးမှာလည်းပဲ ဆောင်းသီးနှံစိုက်ဖို့အတွက် မြေဩစာတောင်မရှိတော့ဘူး” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ငါး၊ ပုစွန် စသည့် ရေထွက်ကုန် မွေးမြူရေး ဧက ၈၄,၀၀၀ ကျော်နှင့် စပါး၊ ပဲ စသည့် သီးနှံစိုက်ပျိုး မြေဧက ၁၂ သိန်းခန့် ရှိသည်။ ထို့အပြင်  ကြက်၊ ဝက် မွေးမြူရေးနှင့်  ပယ်လယ်ပြင်ငါးဖမ်းလုပ်ငန်းကိုလည်း ဒေသတွင်း စီးပွားရေးအဖြစ် အဓိက လုပ်ကိုင်ကြသည်။

ရခိုင်ကထွက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ကုန်ပစ္စည်းများမှာ အာရှနိုင်ငံများသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ဆန်၊ ပဲ စသည့် သီးနှံတချို့ကိုလည်း နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည်။

“လက်နက်ကိုင်အဖွဲ့တွေဘက်က သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက် မပြည့်သရွှေ့ ရပ်သွားမယ့်အနေအထားမမြင်ဘူး။ စစ်တပ်ဘက်ကလည်း သူတို့ရပ်တည်နိုင်ရေးအတွက် အလေးထားလုပ်နေတဲ့အခြေအနေ။ ဒီကြားထဲမှာ အကျပ်အတည်းတွေက ကြီးကြီးမားမားရင်ဆိုင်ရနိုင်တယ်”  ဟု မြောက်ဦးမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရခိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂၈) ခု၊ အမေရိကန်ဒေါ်လာ ( ၉၂၇၈ ဒသမ ၈၉၉) သန်းနှင့် နိုင်ငံသားပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃၁) ခုတွင် မြန်မာကျပ်ငွေ (၂၅၇,၆၀၉ ဒသမ ၅၀၂) သန်းအထိ ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အများဆုံးဖြစ်ပြီး၊ နိုင်ငံသားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုထုတ်ကုန်တို့ ဖြစ်သည်။  လက်ရှိတွင် နိုင်ငံသားပိုင်လုပ်ငန်းများ ရပ်နားထားရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ချို့သာ လည်ပတ်နိုင်ကြောင်း သိရသည်။

စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုနှင့်အတူ လက်ရှိ နိုင်ငံအနှံ့တိုက်ပွဲများကြောင့် မြန်မာစီးပွားရေးကဏ္ဍမှာ အကျဖက်ကို ဦးတည်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...