နိုင်ငံအနှံ့ တိုက်ပွဲပြင်းနေချိန် ခွင့်မဲ့နှင့် တပ်ပြေးများကို စစ်ကောင်စီ ဖိတ်ခေါ်

နိုင်ငံအနှံ့ တိုက်ပွဲပြင်းနေချိန် ခွင့်မဲ့နှင့် တပ်ပြေးများကို စစ်ကောင်စီ ဖိတ်ခေါ်

မြန်မာနိုင်ငံအတွင်း ခွင့်မဲ့နှင့် စစ်ပြေးများအနေဖြင့် တပ်ထဲသို့ ပြန်ဝင်လိုသည့်ဆန္ဒရှိလျှင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက MRTV ရုပ်သံမှတစ်ဆင့် ဖိတ်ခေါ်လိုက်သည်။

သတ်မှတ်ကာလ၌ အကျုံးဝင်နေသေးသည့် စစ်သည်များနှင့် သာမန်ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုပြီး သက်ဆိုင်ရာ (သို့မဟုတ်) နီးစပ်ရာတပ်များ၌ ပြန်လည်လက်ခံကာ တာဝန်ထမ်းဆောင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီကနေ့ တပ်မတော်မှာ စစ်မှုထမ်းဆောင်ဖို့ ဆက်သွယ်လာသူပေါင်း ထောင်ချီရှိနေပြီး ဒီအထဲမှာ တချို့ စိတ်ဓာတ်ပြင်းထန်တဲ့သူတွေဆိုရင် အသက်ကြီးပေမဲ့ သူ့ကို စစ်ဆင်ရေးတာဝန်ပဲပေးပါ။ ကျန်တဲ့တာဝန်မပေးပါနဲ့လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီက ခွင့်မဲ့နှင့် စစ်ပြေးများအား ဖိတ်ခေါ်နေခြင်းမှာ စစ်အင်အားလျော့နည်းလာသည်ကို ပြသနေခြင်းဟု နိုင်ငံရေးသမားများက ပြောသည်။

“စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ လူအင်အားခမ်းခြောက်ပြီးတော့ ဘယ်လောက်အခက်အခဲရှိနေမလဲ ဆိုတာကို ဖော်ပြတယ်။ စစ်ကောင်စီတပ်ဟာ အင်အားကြီး/ငယ်ပြတ်တောက်နေပြီး နောက်ဆုံးဇာတ်သိမ်းခန်းကို ရောက်တော့မယ်ဆိုတာကို ဖော်ပြနေတဲ့ အနေအထားဖြစ်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၁၉၅၉ တပ်မတော်ဥပဒေအရ စစ်ပြေးမှုနှင့် အားပေးကူညီမှုများကို အရေးယူရန် ပုဒ်မ ၃၇ နှင့် ခွင့်မဲ့ပျက်ကွက်မှုကို အရေးယူရန် ပုဒ်မ ၃၈ ကို ထည့်သွင်းပြဌာန်းထားကာ ပြစ်မှုအလိုက် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်။

လက်ရှိမှာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ အကျအဆုံးများနေသဖြင့် အထက်ပါပြစ်ဒဏ်များကို ကင်းလွတ်ခွင့်ပြုပြီး တပ်သားစုဆောင်းရေးကို စစ်ကောင်စီက လုပ်ဆောင်လာခြင်း ဖြစ်သည်။

သို့သော်လည်း စစ်ပြေးများအနေဖြင့် စစ်ကောင်စီတပ်နှင့် ထပ်မံပူးပေါင်းကာ ပြည်သူ့အမုန်းကို ခံယူကြလိမ့်မည် မဟုတ်ကြောင်း ပြည်သူများက ပြောဆိုကြသည်။

“ဒီနေ့အချိန်မျိုးမှာ စစ်ကောင်စီတပ်သားတွေ အသေအပျောက် အများကြီးဖြစ်နေတယ်။ ပြည်သူလူထုရဲ့ အမုန်းတရားကိုလည်း ခံနေရတယ်။ အဲဒါကြောင့် အခုအခြေအနေမျိုးကို ဘယ်သူကမှ သူတို့ဘက်ကို ပြန်လာပြီး ပါဝင်မှာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီနဲ့သွားပူးပေါင်းရင် ကိုယ့်သေတွင်းကို ကိုယ်တူးသလို ဖြစ်မှာ” ဟု ရခိုင်ဒေသခံ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီ(ကယား)၊ ချင်း၊ ရခိုင်၊ တနင်္သာရီ၊ မွန် စသည့် ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ အဆိုပါ ဒေသများတွင် တိုင်းရင်းလက်နက်ကိုင်များ၊ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို တပြိုင်တည်း တော်လှန်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ တပ်စခန်းကြီး/ငယ်များနှင့် မြို့/ရွာများကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့အတွက် အချက်အချာကျသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကို အပြင်းအထန်ကာကွယ်ရန် ပြင်ဆင်နေသည့် အထားတစ်ရပ်ဟုလည်း နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

February 13, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက...
February 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား...
February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...