မောင်တောတွင် ကျေးရွာ ၁၀ ကျော် တိုက်ပွဲတိမ်းရှောင်နေရ

မောင်တောတွင် ကျေးရွာ ၁၀ ကျော် တိုက်ပွဲတိမ်းရှောင်နေရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးပြင်းထန်နေမှုကြောင့် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

မောင်တော ၄ မိုင်အုပ်စုမှ ငွေတောင်၊ ရွှေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ ဈေးတန်း၊ သစ်တောပြင်၊ ရွာသာယာ၊ သီဟိုအေး၊ လေးမိုင်(မွတ်ဆလင်)၊ သာစည်၊ ဝေသာလီ၊ ရွှေဗဟို၊ ကိုင်းကြီး စသည့် ကျေးရွာများမှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အငူမော် - မောင်တော လမ်းရှိ ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့သည်။ ဒေသခံများပြောဆိုချက်အရ ဗောဓိကုန်းစခန်းကို AA က ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရွှေဗဟိုကျေးရွာမှ အမျိုးသားတစ်ဦးက “အဲဒီစခန်းကို မတိုက်ခင်ကတည်းက အနီးအနားကဒေသခံတွေ တိမ်းရှောင်နေကြတာ။ မနေ့က ပိုပြီးတော့ တိမ်းရှောင်ကြပါတယ်။ ရွာမှာက လူလတ်ပိုင်းလောက်ပဲ ကျန်ခဲ့ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာများအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်က မောရဝတီဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကိုင်းကြီး(ရခိုင်)ကျေးရွာမှ အမျိုးသားတစ်ဦးသေဆုံးပြီး၊ သရီကုန်ဘောင်ရွာမှ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်။ နိုဝင်ဘာလ ၂၇ ရက်ကလည်း အောင်သုခကျေးရွာမှ အမျိုးသားတစ်ဦးမှာ အင်ဒင်းအခြေစိုက် နခခ-၆ မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

မောင်တောဒေသခံ နောက်တစ်ဦးက “မနေ့က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။  ည ၉ နာရီ လောက်အထိ လက်နက်ကြီး/ငယ်တွေ  အများကြီး ပစ်တယ်။ ဒီနေ့တော့ လက်နက်သံတွေ မကြားရတောဘူး။ ဗောဓိကုန်း စခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့လည်း သိရပါတယ်။ မီးလောင်နေတာကို မြင်ရတယ်” ဟု ပြောသည်။

ဗောဓိကုန်းစခန်းသိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ရရှိရန် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မောင်တော ကိုင်းကြီး ရဲကင်းစခန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။

ကိုင်းကြီးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက “ဆွေမျိုးအိမ်မှာနေပြီး စားသောက်နေရတာ ၄ ရက်လောက် ရှိပြီ။ ဒီဘက်မှာက စိုက်ပျိုးရေးလုပ်ကြတာဆိုတော့ ဟင်းသီးဟင်းရွက်က သိပ်မရှားပေမယ့် ဆန်နဲ့ ဆေးဝါးကတော့ အခက်အခဲရှိပါတယ်။ စစ်ကောင်စီက လမ်းဆက်ပိတ်ထားမယ်ဆိုရင် တော်တော်လေး ဆိုးဝါးသွားနိုင်ပါတယ် ” ဟု ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တတိယအကြိမ် စတင်ခဲ့သည့် ရခိုင်စစ်ပွဲများအတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီနယ်ခြားစောင့် စခန်း(၄)ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...