အရပ်သားများကို ထိုးကြိတ်ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူလျက်ရှိကြောင်း KTLA ပြော

အရပ်သားများကို ထိုးကြိတ်ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူလျက်ရှိကြောင်း KTLA ပြော

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန)အရှေ့ဘက်ခြမ်း၊ မော်ခီး ကျေးရွာ အုပ်စု၊ ခေါဖိုးခီးကျေးရွာတွင် ဗိုလ်စလုံးဦးစီးသည့် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များမှ ဒေသခံရွာသား များကို ထိုးကြိတ်ရိုက်နှက်မှုများ ပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်များအား ထိရောက်စွာ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်စလုံးက ကေအိုင်စီသို့ ပြောသည်။

ခေါဖိုးခီးကျေးရွာရှိ (KTLA) စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်တွင် KTLA တပ်ဖွဲ့ဝင်များမှ ရွာသားများကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ KTLA အထူးကွန်မန်ဒို တပ်ရင်း တပ်ခွဲ(၂)တပ်ခွဲမှူး ဒီမိုဆိုသူကို ရာထူးမှ ထုတ်ပယ်ပြီး အခြားတပ်ဖွဲ့ဝင်များကို အချုပ်တစ်လ ထိန်းသိမ်း ထားလိုက်ကြောင်း ဗိုလ်စလုံးက ပြောသည်။

၎င်းက “တပ်ခွဲ (၂) တပ်ခွဲမှူး ဒီမိုကို ရာထူးမှ ထုတ်လိုက်တယ်။ သူ့အဖွဲ့သားတွေကိုလည်း ထောင်တစ်လ ချလိုက် တယ်။ ဖြစ်စဉ်က ထိုင်းဘက်ခြမ်းမှာလာတဲ့ ရွာသားလေးယောက်က အရက် လာသောက်ကြတယ်။ သူတို့က အမြဲလာနေကြလူတွေပဲ။ ဒါပေမဲ့ အဲ့ဒီရက်မှာ အရက်သောက် ရင်းရွာသားတွေက သေနတ် တောင်းပစ်တယ်။ ပြီးတော့ ရွာထဲသွားလည်တယ်။ ပြီးတော့ ထိုင်းဘက်ခြမ်းကို ပြန်တဲ့အချိန်မှာ မျက်နှာဖုံးနဲ့ဆိုတော့ မျက်နှာဖုံးကို ချွတ်ခိုင်းတယ်။ မချွတ်တော့ အငြင်းပွားပြီး ထိုးကြကြိတ်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရိုက်နှက်ခံရသည့် ရွာသားများထဲတွင် ထိုင်း-မြန်မာနယ်စပ် အနီးရှိ တိုပယ်ဖူးကျေးရွာသားနှစ်ဦး၊ ဝါးဘွေထမှ ရွာသားနှစ်ဦးနှင့် ခေါဖိုးခီးရွာသားနှစ်ဦးတို့ ပါဝင်ကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခေါဖိုးခီးကျေးရွာ၊ ဖောဘူးလထ ကျေးရွာနှင့် ကလော်ဝေါကျေးရွာ ၃ ရွာရှိ ဒေသခံရွာသားများ ပူးပေါင်းကာ ဗိုလ်စလုံးအပါအဝင် KTLA တပ်ဖွဲ့ဝင် များကို ကျေးရွာအတွင်း မရှိစေချင်ကြောင်း ရွာသားများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ထိုသို့ ဒေသခံရွာသားများ၏ တောင်းဆိုဆန္ဒဖော်ထုတ်မှုများမှာ ၎င်းတို့အပေါ် မလိုလားသူများက ကုန်းတိုက်မှု တစ်ခုသာဖြစ်ကြောင်း ဗိုလ်စလုံးက ကေအိုင်စီသို့ ပြန်လည်တုန့်ပြန် ပြောဆိုသည်။

၎င်းစစ်ဆေးရေးဂိတ်သည် ထိုင်း-နယ်စပ်နှင့် နီးကပ်လျက်ရှိပြီး ရိုက်နှက်ခံရသည့် ဒေသခံခြောက်ဦးထဲမှ လေးဦး မှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများတွင် နေထိုင်ခြင်းကြောင့် ထိုင်းအာဏာပိုင်များမှ နယ်စပ်ဖြတ်ကျော်ခွင့်ကို အကြပ်ကိုင်လာမည်ကို စိုးရိမ်ကြကြောင်းလည်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ရွာသားနှစ်ယာက်က ခေါဖိုးခီးရွာကပဲ။ ကိုယ်ဘက်ခြမ်းမှာဖြစ်တာက ဖြေရှင်းလို့ရတယ်။ ကျန်တဲ့ လေးယောက်က ထိုင်းဘက်ကဆိုတော့ သူတို့က မကျေနပ်လို့ လူကြီးတွေနဲ့ သွားတိုင်လိုက်ရင် တစ်ဆင့်ပြီး တစ်ဆင့်ဆို နယ်မြေကျော်လို့ မရတော့ဘဲ ဖြစ်သွားနိုင်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ကလည်း KTLA အထူးကွန်မန်ဒို တပ်ရင်းမှ ၎င်းတို့စခန်း၌ ကျင်းပသည့် မင်္ဂလာပွဲတစ်ခုတွင် ဗိုလ်စလုံးနှင့် တပ်ဖွဲ့ဝင်များမှ ၇၉ မမ မော်ထာသုံးလုံး ရမ်းသမ်းပစ်ခတ်မှုကြောင့် မယ်က လော်ခီးကျေးရွာတွင် နေထိုင်သူ ဒေသခံတစ်ဦးသည် ခေါ်ဖိုးခီးကျေးရွာရှိ ပြောင်းခင်းတစ်ခုတွင် ဆေးဖျန်းနေစဉ် ကျည်ကျ ရောက်ပေါက်ကွဲထိမှန်၍ ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD
September 21, 2026
ကော်သူးလေဒေသတွင်း ပညာရေးဆိုင်ရာ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်နှင့် လိုအပ်သော...
ဓာတ်ပုံ - (ပုံဟောင်း - CJ)
September 21, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) နယ်မြေသို့ တော်...
September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...