ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ် ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အဲဒီပန်းတင်တံတားဂိတ်ကို ဖားကန့် KIA,PDF ပူးပေါင်း တပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ကျနော်တို့ဘက်က ဝင်ပစ်တာဟုတ်တယ် အဲမှာတစ်ခါတည်းလှဲကျသွားတာ ၃ ယောက် နောက်ထပ်အထဲက ထိခိုက်သေဆုံးတာတော့ အသေးစိတ်မသိရသေးဘူး။”

အဲဒီဂိတ်ဟာ ရဲတပ်ရင်း ၂၈ နဲ့ စစ်ကောာင်စီတပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေ တပ်စွဲထားတဲ့ ဂိတ်ဖြစ်ပြီး ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်ရဲ့ အဓိကစစ်ဆေးရေးဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပန်းတင်တံတားဂိတ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ  ၂၁ ရက်နေ့မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၅ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ပန်းတင်တံတားဂိတ် ပစ်ခံရပြီးနောက် စစ်တပ်ဘက်က လမ်းသွားလမ်းလာ ပြည်သူတချို့ကို တစ်နာရီကြာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဂိတ်က စစ်ဆေးရေးဂိတ်ဟုတ်တယ် ဖားကန့်မြို့အဝင်မှာ စစ်တာ နေ့လည်က ပစ်ခံရတဲ့ချိန်တော့ တအောင့် လိုက် စစ်ဆေးသေးတယ်လို့ သိရတယ်။ ခုတော့ အေးဆေးဖြတ်သွားလာနေကြပြီ” လို့ မှော်ဝမ်းရပ်ကွက်မှာ နေထိုင်သူ တစ်ယောက်က ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်တပ်ရဲ့ ဂိတ်စခန်းတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရတာ တွေ ပုံမှန်ရှိနေတာလည်း ဖြစ်ပါတယ်။

ပုံစာ- ပန်းတင်တံတားနားက စစ်တပ်စခန်းတစ်နေရာ (Crd - လူထုနွေဦး)

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...