စစ်ရှောင်များကို စစ်မှုထမ်းရန် ဖိအားပေးနေဟု ဒေသခံများပြော

စစ်ရှောင်များကို စစ်မှုထမ်းရန် ဖိအားပေးနေဟု ဒေသခံများပြော

ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ ဒေသခံများမှာ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖိအားပေးခံနေရကြောင်း ရှိန်းခေါင်ဒေသခံများက KNG သို့ ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်း မြန်မာ-တရုတ်နယ်စပ် နယ်စပ်မှတ်တိုင်အမှတ် (၃၀) အနီးတွင် ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် အမတ်ပေါ်ကျေးရွာ ဒေသခံများသည် ဇူလိုင်လ ၁၁ ရက်နောက်ပိုင်းမှစ၍ ရှိန်းခေါင်ကျေးရွာ ဘက်သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် စစ်ဘေးရှောင်ရောက်ရှိပြီး မကြာမီမှာပင် စစ်တပ်နှင့် လက်အောက်ခံ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ် ပူးပေါင်းတပ်များက စစ်ဘေးရှောင် အမျိုးသားများကို စစ်မှုထမ်းရန် ဖိအားပေးနေကြောင်း ဒေသခံများက ဆိုသည်။

အသက် ၄၀ ကျော်အရွယ် ရှိန်းခေါင်ဒေသခံ အမျိုးသားတစ်ဦးက “အခု ရှိန်းခေါင်ရောက်နေတဲ့ အမတ်ပေါ်ရွာက စစ်ရှောင်တွေကို လက်နက်ကိုင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတယ်။ အဲဒါကြောင့် ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု KNG ကို ပြောသည်။

ဒေသခံ၏ ပြောဆိုချက်အရ ရှိန်းခေါင်အခြေစိုက် စစ်တပ်နှင့် ခေါင်လန်ဖူး ပြည်သူ့စစ်များသည် ဇူလိုင်လ ၁၀ ရက်နောက်ပိုင်းမှစ၍ အမတ်ပေါ်စစ်ဘေးရှောင် အမျိုးသားများထဲမှ အသက် ၁၅ နှစ်မှ ၅၀ ဝန်းကျင်အထိ ကျန်းမာရေး ကောင်းမွန်သူများကို စစ်မှုထမ်းရန် ဖိအားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

အထက်ပါဒေသခံက “စစ်ရှောင်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရောက်လာကြတာ။ ကျန်းမာရေး မကောင်း တဲ့သူတွေကလွဲပြီး လူကြီး၊ လူငယ် သွားလာနိုင်တဲ့သူအားလုံးကို ဖိအားပေးနေတာ ဟုတ်တယ်” ဟု ဆက်ပြော သည်။

ယခုကဲ့သို့ လက်နက်ကိုင်ရန် ဖိအားပေးခံနေရခြင်းကြောင့် အမတ်ပေါ်စစ်ဘေးရှောင် အမျိုးသားအများစုမှာ မိသားစု စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ရန်ပင် စိုးရိမ်နေကြရကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်တပ်၊ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်များနှင့် KIA ပူးပေါင်းတပ်များကြား ခေါင်လန်ဖူး - လန်ဆယ် လမ်းပိုင်းရှိ အမတ်ဂျုံနှင့် အမတ်ပေါ်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၀ ရက်ကစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေသည်။

ဒေသခံအချို့က နယ်စပ်မှတ်တိုင်အမှတ် (၃၀) ဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် စစ်ကူအင်အား ဖြည့်တင်းရန် ရည်ရွယ်ကာ စစ်ဘေးရှောင်အမျိုးသားများကို စစ်မှုထမ်းရန် ဖိအားပေးနေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

တစ်ဖက်တွင်လည်း ပူတာအိုမြို့ဘက်မှ ခေါင်လန်ဖူးရှေ့တန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ဆက်လက်ဖြည့်တင်းနေကြောင်းသည်။

ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “သူတို့အင်အားက လုံးဝနည်းနေတာ။ ပူတာအို ကနေတော့ ကုန်းကြောင်းနဲ့ ဖြည့်နေတယ်။ ဒါပေမဲ့ လမ်းခရီးမကောင်းတော့ ခေါင်လန်ဖူးရောက်ဖို့ မလွယ်ဘူး။ ဒီလ ၂၀ ရက်နေ့မှာ ကားခြောက်စီးတက်လာပြီး ၂၁ ရက်နေ့မှာလည်း ကားနှစ်စီး ထပ်တက်လာတယ်။ စစ်သား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ပြီး တက်လာတာ” ဟု KNG ကို ပြောသည်။

ခေါင်လန်ဖူးမြို့နယ်သည် ပူတာအိုခရိုင်အတွင်း မြန်မာ-တရုတ်နယ်စပ်ဒေသများကို ဆက်သွယ်ပေးထားသည့် မဟာဗျူဟာအရ အရေးပါသော ဒေသတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစ၍ အဆိုပါဒေသတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များကြား စစ်ရေး တင်းမာမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းတပ်များက လာဟီဆင်စခန်းကုန်းနှင့် လန်ဆယ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် စစ်တပ်ဘက်က ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့ရာ လက်ရှိအချိန်အထိ ခေါင်လန်ဖူးဒေသတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။

Most read this week

July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...