ကျိုက်ထိုတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးစစ်ဆေးခံနေရ

ကျိုက်ထိုတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးစစ်ဆေးခံနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်တွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင်တို့ မိသားစု ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၅ ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း မြို့ခံများက ပြောသည်။

အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင်၊ ဇနီး ဒေါ်စန္ဒာမိုးနှင့် သားတို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က သေနတ် ၂ ဦးတို့က နေအိမ်ရှေ့တွင် ပစ်ခတ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်စန္ဒာမိုး သေဆုံးသွားကာ၊ သားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်တို့က အခင်းဖြစ်ပွားရာနေရာအနီးရှိ ဇဗ္ဗူအေးဘီယာဆိုင်မှ CCTV ကင်မရာ မှတ်တမ်းကို ရယူပြီး ဖြစ်စဉ်အတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများကို လိုက်လံ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“CCTV မှတ်တမ်းအရ တက္ကစီသမား ကိုဗလကို အရင်ဆုံး ဖမ်းပြီး စစ်နေတယ်လို့ သိရတယ်။ ပြီးတော့ ဘူတာ လမ်းက လင်မယား ၂ ဦးနဲ့ မြောက်ပိုင်းရပ်ကွက်က လူငယ် ၂ ဦးလည်း ဖမ်းဆီးထားရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၅ ဦးကို ကျိုက်ထိုမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေပြီး လက်ရှိ အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု မြို့ခံများက ဆိုသည်။

ထို့အပြင် အဆိုပါ အငြိမ်းစား ဒုဗိုလ်မှူးကြီး ပစ်ခတ်ခံရပြီး မြို့ပေါ်တွင် စစ်ဆေးမှုလည်း များလာသည်ဟု မြို့ခံ များက ပြောသည်။

“သူတို့ (ဦးအောင်လွင်) မိသားစု ပစ်ခံရပြီးကတည်းက အမျိုးသား နှစ်ယောက် ဆိုင်ကယ်အတူစီးရင် ဖမ်းဆီး စစ်ဆေးတာတွေ လုပ်လာတယ်။ အရင်ကလည်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးဖို့ ထုတ်ထားတယ်။ ဒါပေမဲ့ ဘယ်သူမှ လိုက်နာတာ မရှိဘူး၊ အခုမှ ပိုပြီး ကျပ်လိုက်တာ” ဟု ကျိုက်ထိုမြို့ခံ တစ်ဦးက ပြောသည်။

ပေါင်မြို့နယ်၊ ရင်ငြိမ်းတောင်ကျေးရွာတွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၈  ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်လည်း ရှိသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်ကလည်း ‌ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ပစ်သတ်ခံ ရမှုနှင့် ပတ်သက်ပြီး ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ အမျိုးသမီးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။

April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...