တွန်းဇန်တွင် ZRA လက်နက်ကိုင်အဖွဲ့ ကင်းလှည့်မှုကို ဓာတ်ပုံရိုက်ပြီး အသိမိတ်ဆွေများကို ပေးပို့သူ ရိုက်ခံရ

တွန်းဇန်တွင် ZRA လက်နက်ကိုင်အဖွဲ့ ကင်းလှည့်မှုကို ဓာတ်ပုံရိုက်ပြီး အသိမိတ်ဆွေများကို ပေးပို့သူ ရိုက်ခံရ

ချင်းပြည်နယ်၊ တွန်းဇန်မြို့မှာ ခရစ်ယာန်ဓမ္မ အမှုတော်ဆောင် ဆရာဦးကို Zomi Revolutionary Army (ZRA) လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ခဲ့သည်ဟု တွန်းဇန်မြို့ခံများက ပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ (၂၈) ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ရိုက်နှက်ခံရတဲ့သူမှာ တွန်းဇန်မြို့နယ် Nar Zang ကျေးရွာ EBC ဘုရားကျောင်းက သင်းအုပ်ဖြစ်သူ ဆရာ ဗန်ပီး ဆိုသူဖြစ်သည်။

၎င်းသည် ZRA လက်နက်ကိုင် တပ်ဖွဲ့ဝင်များက တွန်းဇန်မြို့ပေါ်တွင် ကင်းလှည့်နေသည့်ပုံကို ဖုန်းကင် မရာဖြင့် ရိုက်ထားပြီး ၎င်း၏ အသိမိတ်ဆွေကို ပေးပို့ရာမှ အွန်လိုင်းပေါ်တွင် စစ်ကောင်စီနှင့် ZRA က ပူးပေါင်းသည် ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင့် ရိုက်နှက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရိုက်နှက်ခံရတဲ့သူနှင့် ရင်းနှီးသူက တစ်ဦးက  “ZRA မြို့ထဲမှာရှိနေတာကို ဓာတ်ပုံရိုက်တယ်ပေါ့ ပြီးတော့ သူ့မိတ် ဆွေကို ပို့တာ၊ အဲ့မိတ်ဆွေတွေက လိုင်းပေါ်တင်လိုက်တာနေမှာပေါ့၊ ဓာတ်ပုံတစ်ခုထဲ တင်တာမဟုတ်ဘဲ မှတ် ချက်က ပါနေတာလေ။ ZRA နဲ့ စကစနဲ့ ပေါင်းပြီးတော့ လုံခြုံရေးယူနေတာလို့ အသိတွေက တင်တာပေါ့၊ အဓိက စစ်ကောင်စီနဲ့ ပေါင်းတယ်ဆိုတဲ့ အဲ့စကားလုံးကိုမကြိုက်လို့” ဟု ပြောသည်။

ယခုကဲ့သို့ ZRA လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ခဲ့ခြင်းကြောင့် အဆိုပါ ဓမ္မအမှုတော်ဆောင် ဆရာမှာ ဦးခေါင်းနှင့် နောက်ကျောဖက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး တီးတိန်မြို့က ဆေးရုံတွင် သွားရောက် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “ခေါင်းနဲ့ နောက်ကျောပေါ့နော်၊ နည်းနည်း အထိုးခံရတယ် ထင်တယ်။ သူဟာသူတော့ ဆိုင် ကယ် မောင်းပြီးတော့ သွားနိုင်တယ်။ အပြင်းထန်ကြီးတော့ မဟုတ်ဘူး။ ဒီမနက်တော့ ပြန်ဆင်းလာနိုင်တယ်” ဟု ပြောသည်။

ယခု လက်ရှိအချိန်တွင် တွန်းဇန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲမဝင်ကြတော့ဘဲ စခန်းထဲမှာသာ နေထိုင်ကြသည်ဟု သိရပြီး မြို့ပေါ်တွင်မူ ZRA တပ်ဖွဲ့ဝင်များက လုံခြုံရေးကင်းလှည့်ခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...