ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
ဓါတ်ပုံ - ၂၀၁၉ ခုနှစ် မြစ်ကြီးနား ဗန်းမော်လမ်းမ၊ နမ်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း တစ်ခု
ဓါတ်ပုံ - ၂၀၁၉ ခုနှစ် မြစ်ကြီးနား ဗန်းမော်လမ်းမ၊ နမ်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း တစ်ခု

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မအူပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဒေခံများက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် အင်အား ၈၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်၏ ကား လေးစီးပါ စစ်ယာဉ်တန်းမှာ နမ်ဆန်ယန်၊ မြို့သစ်၊ ကုန်းလောဘက်ကို စစ်အင်အား၊ လက်နက်ရိက္ခာ တင်ပို့မည့် လမ်းကြောင်းကို လုံခြုံရေးယူပေးရန် လာရောက်ပို့ဆောင်သည့် ရှေ့ပြေးစစ်ကား  တစ်စီးကို စောင့်ကြိုတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးတပ်နှင့် နီးစပ်သူ မအူပင် ဒေသခံတစ်ဦးက “ခလရ ၂၃၆ ကထွက်လာတဲ့ စစ်ကား ၄ စီးပေါ့ သူတို့က ဘယ်ကစစ်ကြောင်းတွေလဲဆိုတော့ ခုတစ်လော သင်္ဘောကဆင်းလာတဲ့ကောင်တွေ သူတို့က ခုသင်္ဘောကနေ လက်နက်ရိက္ခာတွေတင်ပို့ဖို့  ရိက္ခာ လမ်းကြောင်းကို လုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကားတွေကို ရှေ့ပြေး လုံခြုံရေး ယူပေးတဲ့ကားက မအူပင် ရွာနားမှာ လူစုလုပ်နေတဲ့ချိန် ဒီဘက်က လက်နက်ကြီး ၁၀ လုံးလောက်ကို ပစ်ထည့်လိုက်တာ” ဟု ပြောသည်။

ရှေ့ပြေးတက်လာသည့် စစ်ကား တိုက်ခိုက်ခံရပြီးတဲ့နောက် ပစ်ခတ်ရသည့် အဆိုပါ စစ်ကားနှင့် နောက်ထပ် စစ်ကား ၄ စီးမှာ ကားပေါ်တွင် ပါလာသည့် စစ်သားများကို အနီးအနားရှိ ကျေးရွာများတွင် ချပြီး ပြန်လည် ဆုတ်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီးတော့ KIO ဌာနချုပ်နီးရှိ နမ်ဆန်ယန်ဘက်ကို ခြေကုပ် တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေသည်မှာ တစ်လကျော်ရှိလာနေပြီဖြစ်သည်။

သို့သော် ထိရောက်သည့် စစ်ဆင်ရေးလုပ်ဆောင်နိုင်ခြင်းမျိုး မရှိသည့်အပြင် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု များနေသည်။

ထို့ကြောင့် ဩဂုတ်လ လဆန်းပိုင်းကစပြီး မန္တလေးဘက်မှ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို စစ်လက်နက် ရိက္ခာများအား သင်္ဘော ၉ စီးနှင့် ရေကြောင်းမှ ပို့ဆောင်ထားသည့်အပြင် လေကြောင်းကနေပါ စစ်လက်နက် အင်အား ရိက္ခာများကို ပို့ဆောင်နေခြင်းလည်း ဖြစ်သည်ဟု KIA နှင့်နီးစပ်သူများက ဆိုသည်။

နမ်ဆန်ယန်ဘက်သို့ စစ်ကြောင်းထိုးရန် အဆိုပါ စစ်အင်အား လက်နက်ရိက္ခာများကို ဩဂုတ်လ ၂၇ ရက်နေ့ ညနေမှာပင် ကားတစ်စီးနှင့် မအူပင်ရွာဘက်ကို လာရောက်ပို့ဆောင်ထားခြင်းများ ရှိနေသည့်အပြင် ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း တစ်ကြိမ် စစ်ကား ၅ စီးဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အခြား မအူပင်ဒေသခံတစ်ဦးကလည်း “မနေ့ကလည်း တစ်စီးထိုးတယ် ၄နာရီလောက်ထိုးပြီး ၅ နာရီ လောက် ပြန်သွားတယ်။ ဒီနေ့တော့ ရှေပြေးကားနဲ့ဆို ၅ စီးလာချသွားတယ်။သူတို့က တစ်ရွာမှာ တစ်စီးအင်အား လာချ နေတာ ဒီရိက္ခာသယ်ယူမယ့် လမ်းကြောင်းမှာ ကြိုပြီး လုံခြုံရေးယူပေးဖို့ လုပ်နေတာ ပြီးတော့ရင် သူတို့က ထုံးစံ အတိုင်း ရိက္ခာတွေ လက်နက်ပစ္စည်းတွေ သယ်ယူမှာလေ” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ဗန်းမော်တွင် သင်္ဘောဆိုက်ရောက်သည့် နေ့မှစတင်ပြီး ဗန်းမော်တပ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် မဒီးယန်နှင့် အောင်ရာကျေးရွာဘက်တို့တွင် စစ်ကောင်စီတပ် နှင့် KIA တို့အကြား တစ်လတွင်း စစ်ရေးတင်းမာနေရာမှ ဩဂုတ်လ ၂၆ ရက်နေ့က စပြီး စစ်ရေးလှုပ်ရှားမှုများ ထပ်ပြီး လုပ်ဆောင်လာခြင်းကြောင့် မြစ်ကြီးနား- ဗန်းမော်လမ်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်နေဆဲ ဖြစ်သည်။

ဓါတ်ပုံ - ၂၀၁၉ ခုနှစ် မြစ်ကြီးနား ဗန်းမော်လမ်းမ၊ နမ်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း တစ်ခု

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...