ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်

ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်

ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေထဲ သတ်ဖြတ်ခံလိုက်ရသည့် KIA တပ်သားနှင့် အဓမ္မကျင့်က အသတ်ခံလိုက်ရသည့် ဇနီးဖြစ်သူတို့၏ အမှုကို ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဟု နီးစပ်သူများက ပြောသည်။

KIA ဘက်က သတ်ဖြတ်ခံလိုက်ရသည့် မိသားစုဝင်များကို နစ်နာကြေး ငွေကျပ်သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ် လဆန်းပိုင်းမှာပဲ အမှုကို အပြီးသတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဖြစ်စဉ်ကို သိသော ဟိုပင်ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

“အမှုကိုက KIA ဘက်က အပြီးသတ်လိုက်ပြီ။ နစ်နာသွားတဲ့ မိသားစုဝင်တွေကိုတော့ ငွေ သိန်းသုံးရာ ပေးလိုက် တယ်။ ပြီးရင် KIA ဘက်လည်း ဒီမှုကို ပြီးပြတ်အောင် လုပ်ပေးခဲ့တယ် ဆိုတဲ့ စာလည်း ထုတ်လာတယ်။ မိသားစု ဘက်လည်း ကျေအေးလိုက်ပြီဆိုတဲ့ သဘောပါ။”

အဆိုပါ အမှုကို KIA တပ်မဟာ ၈ လက်အောက်မှာပဲ အပြီးသတ် ဆောင်ရွက်လိုက်ခြင်း ဖြစ်ပြီး နစ်နာကြေးငွေ သိန်းသုံးရာအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ ဦးကျော်ထွန်းဦး၏ လုပ်ငန်းရှင်က ပေးဆောင်လိုက်ခြင်း ဖြစ်သည်။

KIA ၏ အမှုစီရင်ချက်ထဲ အသတ်ခံရသူ လင်မယား ၂ ဦးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ ဦးကျော်ထွန်း မှာ ဖမ်းဆီးရမိပြီး အမှုစစ်ဆေးနေချိန်အတွင်းမှာပဲ နှလုံးရောဂါဖောက်ကာ သေဆုံးသွားသည်ဟု ဆိုသည်။

KIA က ဦးကျော်ထွန်းဦး သေဆုံးသွားပြီးနောက် သက်သေအနေဖြင့် ၎င်းနှင့် ဆက်စပ်သူ ကားသမား ၃ ဦးကို ထပ်မံ ဖမ်း ဆီးခဲ့ပြီးနောက် ထိုသုံးဦးမှာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ဆက်နွယ်မှုမရှိကြောင်း စီရင်ချက် ချမှတ်ပြီး ပြန်လည်လွတ်ပေးလိုက်သည်။

KIA တပ်သားနှင့် ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် အမှုနှင့်ပတ်သက်၍ KIA က ၂ လအတွင်းမှာပဲ အပြီးသတ်ဆောင်ရွက်လိုက်သည့် အပေါ်မှာ အမှုမှန်ကို ပွင့်လင်းမြင်သာမှုမရှိဘဲ အပြီးသတ်ခဲ့ခြင်းကြောင့် အားရကျေနပ်မှု မရှိဘူးလို့ နီးစပ်သူအချို့က ဆိုသည်။

နီးစပ်သူတစ်ဦးက “အမှန်တိုင်းပြောရရင် KIA ရဲ့ တရားစီရင်မှုဟာ လုံဝအားရမှုတော့မရှိဘူး။ အရမ်းအားနည်း နေ သေးတယ်လို့ မြင်တယ်။ ဘာလို့အဲ့လိုပြောလဲဆိုတော့ ပွင့်လင်းမြင်သာမှုလိုအပ်တယ်။ သူတို့ရဲ့ လုပ်ပုံက အမိန့် ပုံစံနဲ့ပဲ လုပ်လိုက်တာဖြစ်တယ်။ သူတို့ရဲ့ ပုံစံက လက်ခံရမယ်ဆိုတဲ့ သဘောဟုတ်တယ်။ ကျနော်အရပ်သားတွေ ကလည်း သူတို့ပြောရင် လက်မခံလို့မရတော့ဘူးလေ။ မိသားစုဝင်တွေကတော့ ဖြစ်သွားပြီဖြစ်တဲ့အတွက် လက် မခံချင်ရင်လည်း လက်ခံရမျာပဲ” ဟု ပြောသည်။

ထိုသတ်ဖြတ်မှုမှာ KIA ၏ နယ်မြေထဲ ဖြစ်ပွားခဲ့သည့်အတွက် ပြင်ပလူများကို စိစစ်မှု မရှိဘဲ ဝင်ရောက်သွားလာ ခွင့်ပေးထားခြင်းအပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။ ထို့ကြောင့် KIA မှ တာဝန်ရှိသူများအနေဖြင့် အမှုကို ထိ ရောက်စွာ အရေးယူဆောင်ရွက်ပေးသင့်သည်ဟုလည်း ဆိုကြသည်။

KIA ၏ တပ်ရင်း ၄၁ နယ်မြေထဲတွင် နှစ်ရှည် တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ သစ်ထုတ်လုပ်ခြင်း၊ ရွှေတူးဖော်ခြင်းကို ကို လုပ်ဆောင်နေကြသည်ဖြစ်၍ ယခုအမှုကို ငွေကြေးနှင့်သာ အမြန်ဆုံး ဖြေရှင်းပေးလိုက် ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အသတ်ခံလိုက်ရသော လင်မယား ၂ ဦးမှာ ယခုနှစ် ဇွန်လ ၁၁ ရက်နေ့က KIA တပ်ရင်း ၄၁ ၏ ရှေ့တန်းရှိ ယာယီ ဆေးကုသတဲစခန်းတွင် အသတ်ခံလိုက်ရခြင်း ဖြစ်ပြီး သေဆုံးသွားသည့် KIA တပ်သားနှင့် ဇနီးဖြစ်သူမှာ အသက် ၃၀ နှစ်ရွယ် ဦးမဒိန်ခေါယော်နှင့် ဒေါ်ခေါကော့ဖန်တို့ ဖြစ်ကြသည်။

အလားတူ KIA အဖွဲ့သည် တနိုင်းသွား လီဒိုလမ်းမပေါ် လဝါးကျေးရွာအုပ်စု မကောင်းတောင်တွင် အရပ်သား ပြည်သူ ၉ ဦးသတ်ဖြတ်ခံရသည့် အမှုနှင့် ပတ်သက်၍ ၇ လခန့် ကြာမြင့်လာပြီ ဖြစ်သော်လည်း လက်ရှိအချိန် အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...