ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ပြည်သူ ၁၀၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်

ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ပြည်သူ ၁၀၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်
ဓါတ်ပုံ- မေလက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် စစ်တပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့စဉ်ကပုံ။
ဓါတ်ပုံ- မေလက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် စစ်တပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့စဉ်ကပုံ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်ကို တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက နန့်ယားကျေးရွာရှိ ဒေသခံများ၊ စစ်ရှောင်များနှင့် ကားသမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည်။

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ကားသမားအချို့အပြင် စစ်ရှောင်လာသည့် ပြည်သူအချို့နှင့် ဒေသခံအချို့ ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်နေ့၊ ညက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း နန့်ယားဒေသခံ များက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောသည်။

နန့်ယား အမျိုးသမီးတစ်ဦးက “စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကားသမားတစ်ချို့ ပါသွားတယ်။ စစ်ရှောင်တဲ့ ဘုရားကျောင်းမှာ ဝင်ခေါ်သွားတာ။ မနေ့ည ၈ နာရီကနေဆွဲတာ(ဝင်ရောက်ဖမ်းဆီးခြင်းကိုဆိုလို) ဟိုဘက် ကား တွေနဲ့ရော ဝင်မွှေ၊ ကားသမားတွေရော ပါသွားတယ်ပြောတယ်” ဟု ပြောသည်။

နန့်ယားကျေးရွာကို ရောက်ရှိခဲ့သည့်အချိန် စစ်ကောင်စီစစ်ကြောင်းမှာ ဩဂုတ်လ ၂၄ ရက်နေ့ ညတွင် ကျေးရွာ အတွင်းရှိ ဒေသခံအမျိုးသားများနှင့် ဘုရားကျောင်းဝင်းထဲ တိမ်းရှောင်နေကြသည့် စစ်ရှောင်အမျိုးသားများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နန့်ယားဒေသခံ အမျိုးသားတစ်ဦးက “အသင်းတော် ဘုရားကျောင်းထဲမှာ ကပ်မှော်၊ ဆိုင်းဖရာ(ကျေးရွာများ) ဘက်မှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။ အရွယ်ကောင်း ယောက်ကျားတွေ တော်တော်လေးပါသွားတယ်” ဟု မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ကားများကို ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းက မြစ်ကြီးနားမြို့ ဘက်ကို ပြန်ဆင်းခိုင်းနေပြီဖြစ်ပြီး ဖားကန့်ဘက် အတက်လမ်းကိုမူ လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်ဟု ဆိုကြသည်။

စစ်ကောင်စီ စစ်ကြောင်းများက အကြောင်းတစ်စုံတစ်ရာ ပြောဆိုထားခြင်းမျိုး မရှိဘဲ ကျေးရွာများထဲ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီး သွားခြင်းဖြစ်ပြီး အမျိုးသားများကို ရွေး၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့် လမ်းပေါ်ရှိ မအူပင် ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီ တပ်သားများကို ကျောက်ထုကျေးရွာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တိုက် ခိုက်ခဲ့သည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြောင့် အဆိုပါ လမ်းတစ်လျှောက်ကိုလည်း ဖြတ်သန်းသွားလာခွင့်များ ပိတ်ပင်ထားခြင်း ဖြစ်သည်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...