ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ အနောက်ဘက်ကမ်းရှိ ရပ်တော်မူဘုရား လမ်းဆုံအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများ က ပြောသည်။

စစ်ကောင်စီတပ်မှ ၎င်းတို့ ဖမ်းဆီးထားသည့် ဒေသခံတစ်ဦးမှာ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့် တွင် ထွက်ပြေးသည်ကို ပစ်ခတ်ခဲ့ရာမှ ဒေသခံ အရပ်သားများကို ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် မသွယ်သွယ်ဝင်း၊ ကုန်စုံဆိုင်ရောင်းနေသည့် မနန္ဒာနှင့် အခြားဒေသခံနှစ်ဦးတို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးနှစ်ဦးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့မှစပြီး ထားဝယ် အထူးစီးပွားရေးဇုံဒေသရှိ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် လာပြီး လက်ရှိအချိန်အထိ ကျေးရွာတွေအတွင်း တပ်စွဲထားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင်း ဒေသခံ ၄၀၀၀ နီးပါးကလည်း ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

“ရွာအခြေအနေက ရွာဘက်ကို ပြန်တာမပြောနဲ့ ဘယ်သူမှ မသွားရဲကြဘူး။ တချို့က မြို့ပေါ်ထွက်ပြေးကြတယ်။ မြို့နဲ့ အဆက်အသွယ်မရှိတဲ့ သူတွေက ရွာနဲ့ ၄/၅ မိုင်လောက်ဝေးတဲ့ တောတောင်ခြံတွေ ကြားမှာ နေ နေကြရ တယ်။ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို မိုးကာလေးနဲ့တဲထိုး နေနေကြတယ်။ တချို့က ကိုယ့်ခြံမှာ ဆောက် ထားတဲ့ တဲတွေမှာ မိသားစု ၄ စု ၅ စုလောက် စုနေကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဧကနိရွာသား တစ်ဦးက ပြောသည်။

စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှာ ဒေသခံများကို ဖမ်းဆီးခဲ့သည့်အပြင် နေအိမ်များကို မီးရှို့ခြင်း၊ နေအိမ်များကို ဖောက်ထွင်းခြင်းများလည်း လုပ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...