ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်ဖြင့် ဗုံးကြဲ

ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်တွင် KIA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျအဆုံးများသည့် စစ်တပ်က လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။

ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ထီးချိုင့် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးခဲ့ပြီး လက် နက်ခဲယမ်း အချို့ကိုလည်း ကာကွယ်ရေးတပ်များဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ် ရေးတပ် တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဇီးကုန်းမှ ကွင်းကြီးဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော် ပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်တို့က ပူးပေါင်းကာ ဇီးကုန်းနှင့် ကွင်းကြီးကြား အရောက်တွင် ပိတ်ဆို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“တိုက်ပွဲက မနက် ၈ နာရီ ၄၅ လောက်ကနေ ညနေ ၆နာရီထိဖြစ်တယ်။ ဇီးကုန်းကနေ ကွင်းကြီးဘက် ကွေ့လာ တဲ့ အချိန်မှာကိုယ့်ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာပေါ့။ အကျအဆုံးကတော့ လောလောဆယ် အလောင်းသုံး လောင်း ရထားတယ်။ ခြင်းကျား ၁၀ လုံးရထားတယ်။ သေနတ်က ၂ လက်ရတယ်” ဟု ပြောသည်။

တိုက်ပွဲသည် ဇီးကုန်းကျေးရွာနှင့် ကွင်းကြီးကျေးရွာကြားထဲက တောထဲတစ်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နံနက် ၈ နာရီမှ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မြစ်ကြီးနားကနေ ဆင်းလာသည့် ဂျက်ဖိုက်တာ ၄ စီးဖြင့်  ဗုံးကြဲ တိုက်ခိုက်သွားခြင်း ဖြစ်သည်။

“ဇီးကုန်းနဲ့ ကွင်းကြီးကြားလေးမှာပဲ ဖြစ်တာတိုက်ပွဲက ဟိုနေရာရွှေ့ ဒီနေရာရွှေ့တော့ ဖြစ်တာပေါ့။ သူတို့ဘက် အထိနာတော့ မနက် ၁၁ နာရီမှာ တစ်ကြိမ်၊ ညနေပိုင်းမှာတော့ ၂ နာရီ၂၂ မိနစ်မှာ တစ်ကြိမ် ၂ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ်လာကြဲသွားတယ်” ဟု ထီးချိုင့် PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီးနှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုထဲ တစ်ကြိမ်တွင် လေယာဉ် ၂ စီးနှုန်းဖြင့် ဗုံးကြဲသွားပြီး ပေါင် ၅၀၀ နှင့် ပေါင် ၁၀၀၀ ဗုံးသီးလုံးတို့ကို အများဆုံး အသုံးပြုသွားသည်ဟု ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်က ဆိုကြသည်။

လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့် နေရာမှာ ဇီးကုန်းနှင့် ကွင်းကြီးကြားက တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် လာကြဲသွားခြင်းဖြစ်ကြောင်း အဆိုပါ နေရာတွင် အရပ်သားများ မရှိသောကြောင့် ထိခိုက်မှု မရှိဘူးဟု ဆိုကြသည်။

ကွင်းကြီးဘက်သို့ ဝင်ရန် စစ်ကြောင်းထိုးလာသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းမှာ KIA နှင့် PDF တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိုနေ့ ညပိုင်းကတည်းကပက် ဇီးကုန်းကျေးရွာဘက်သို့ ပြန်လည် တပ်ဆုတ် သွားပြီဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဓါတ်ပုံ - စစ်ကောင်စီက လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သော တိုက်လေယာဉ်

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...