ထောင် ၁၀ နှစ် ချမှတ်ခံရသော CNDF တပ်သား ဆေးကုသခွင့် မရဘဲ အကျဉ်းထောင်တွင် ကျဆုံး

ထောင် ၁၀ နှစ် ချမှတ်ခံရသော CNDF တပ်သား ဆေးကုသခွင့် မရဘဲ အကျဉ်းထောင်တွင် ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု မရသဖြင့် အသက်သေဆုံးသွားကြောင်း CNDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အကျဉ်းချ ဖမ်းဆီးခံနေရသည့် ရဲဘော် Salai Van Biak Him သည် ကျန်းမာရေးအခြေအနေဆိုးရွားပြီး အကျဉ်း ထောင်မှ ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့သော်လည်း ဆေးရုံရောက်ပြီး မိနစ် ၃၀ခန့် အကြာ ဩဂုတ်လ ၆ရက်နေ့၊ နံနက်ပိုင်းတွင် အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။

၎င်းသည် ကလေးအကျဉ်းထောင်အတွင်း လုံလောက်သော ဆေးဝါးကုသမှု မရခဲ့ကြောင်း CNDF ပြောခွင့်ရသူ ဆလိုင်းကျွန်ငိုင်းက မဇ္ဈိမကို ပြောသည်။

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက “သူ့မှာက နှလုံးရောဂါအခံရှိတယ် ၊ ထောင်ထဲမှာ ဆေးပေးတာက ပါရာနဲ့ ဘာမီတွန် လောက်ပဲပေးတာ ၊ ဘာဖြစ်ဖြစ် အဲဒီနှစ်မျိုးနဲ့ပဲကုတာ” ဟု မဇ္စျိမကို ပြောသည်။

အသက်ဆုံးရှုံးသွားသော CNDF တပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို ဇာတိမြေ ဖလမ်းသို့ ပြန်လည်သယ်ယူခွင့်မရရှိဘဲ မိသားစုဝင် အချို့တက်ရောက်ပြီး ကလေးမြို့တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း ဆိုသည်။

ရဲဘော် Salai Van Biak Him သည် အကြမ်းမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က၊ ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲဆို ခံထားရပြီး ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရကာ ၅၀၅ ပုဒ်မနှင့် ကျခံရမည့်အပြစ်ဒဏ်ကို လွတ်ငြိမ်းသက်သာ ရရှိထားသည်ဟု ဆိုသည်။

၎င်းသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရသူ ဖြစ်သည်။

“ထောင်ထဲက ရဲဘော်နှစ်ယောက်ကို ကြည့်မယ်ဆိုရင် ပထမတစ်ယောက်က ထောင်ဖောက်ပြေးဖိုး ကြိုးစား တယ်လို့ဆိုပြီး ပစ်သတ်ခံရတယ်။ အခုတစ်ယောက်လည်း ထောင်ထဲမှာ ကုသမပေးလို့ မလိုအပ်ဘဲ အသက်ဆုံး ရှုံးရတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

၂၀၂၂ခုနှစ် မတ်လ ၁၅ ရက်နေ့ ညကလည်း CNDF က ရဲဘော် ဗန်ဒိန်းသည် ကလေးမြို့ အကျဉ်းထောင်ကို ဖောက် ပြီး ထွက်ပြေးရန် ကြံစည်သည်ဟု ထောင်အာဏာပိုင်များက အကြောင်းပြကာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (CNO/CNDF) မှ တပ်ဖွဲ့ဝင် ၁၄ ဦးသည် စစ်ကောင်စီ၏ အကျဉ်းထောင်များ အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တာဝန်ရှိသူများက ပြောသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...